အရွယ်မတိုင်မီသေဆုံးနေရတာပါ။

မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦးရေ ၆၄၀၀၀ ခန့်ဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီ သေဆုံးနေပြီး ထိထိရောက်ရောက်မထိန်းချုပ်နိုင်ရင် (၅) နှစ်အတွင်း ပြည်သူ့ ကျန်းမာရေး ပြဿနာဖြစ်လာမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ (၁၆) ရက်က ပြုလုပ်တဲ့ မြန်မာနိုင်ငံ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေကို “စံသတ်မှတ်ထုတ်ပိုးမှု ပုံစံ” ထုတ်ပိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံကိုတင်သွင်းထုတ်လုပ်ရောင်းချတဲ့ ဆေးလိပ်ဘူးခွံတွေကို သတ်မှတ်ချက်တွေနဲ့ အညီ “စံသတ်မှတ်ထုတ်ပိုးမှုပုံစံ”နဲ့သာ ထုတ်ပိုးမယ်ဆိုရင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေးအတွက် အဓိကကျတဲ့လုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် သုံးစွဲမှု လျော့နည်းပပျောက်ရေးကိုကမ္ဘာ့နိုင်ငံတွေမှာ ဆောင်ရွက်နေသလို ဆေးလိပ်နှင့်ဆေးရွက်ကြီး အခွန်အခတွေကို တိုးမြှင့်ကောက်ခံတာကလည်း အရေးကြီးတဲ့လုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

အခွန်တိုးမြှင့်ကောက်ခံမယ်ဆိုရင် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဘဝတိုးတက်ရေးတွေမှာ ပြန်လည်သုံးစွဲနိုင်မှာဖြစ်တာကြောင့် ဝိုင်းဝန်းဆွေးနွေးအကြံပြုစေလိုတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေသုံးစွဲမှုကြောင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) စုစုပေါင်းရဲ့ ၃ ဒဿမ ၃ % ထိခိုက်ဆုံးရှုံးနေရတယ်လို့ (WHO FCTC) မှ Technical officer ဖြစ်သူ Mr. Andrew Black က ပြောခဲ့ပါတယ်။ 

အခုကျင်းပတဲ့အလုပ်ရုံဆွေးနွေးပွဲကနေ ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေကို ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သုံးစွဲမှုကြောင့် ကျန်းမာရေး၊စီးပွားရေးထိခိုက်ဆုံးရှုံးမှုတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြသွားမှာလည်း ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ ရန်ကုန်ုတိုင်းအတွင်း (၁၀)မြို့နယ်ကို ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်အောင်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေရှင်းက ပြောထားပါတယ်။

အထူးသဖြင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေဆိပ်၊ သဘောၤဆိပ်နဲ့ အများပြည်သူသက်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေဖြစ်အောင် အသိပညာပေးတွေ လုပ်ဆောင်နေတယ်လို့ ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က Duwun ကိုပြောခဲ့ပါတယ်။



က္က