Mi Thawdar Aung

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ တရားဝင်ထုတ်ပေးထားတဲ့ ဖောင်းကြွ ကားနံပါတ်ပြားတွေကို သုံးစွဲခြင်းမပြုဘဲ စာလုံးပုံစံ အမျိုးမျိုးကို ပလတ်စတစ်နဲ့ အခြား အမျိုးအစား အပြားတွေပေါ်မှာ တပ်ဆင်အသုံးပြုထားခြင်းက တရားမဝင်ဘူးလို့ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မရမ်းကုန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း မေးမြန်းတဲ့ ရန်ကုန်တိုင်းအတွင်း အချို့မော်တော်ယာဉ်တွေက နံပတ်ပြားစာလုံးတွေကို ပလတ်စတစ်အပြားတွေပေါ်မှာ တပ်ဆင်အသုံးပြုတာက တရားဝင်ပါသလားဆိုတဲ့ မေးခွန်းကို ဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားခဲ့တာပါ။

မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၅၃)အရ မော်တော်ယာဉ် နံပါတ်ပြားကို မထင်ရှားအောင်ပြုလုပ်ခြင်း၊ မော်တော်ယာဉ် နံပါတ်ပြားကို ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ခြင်းနှင့် အမှန်အကန်သော မော်တော်ယာဉ် နံပါတ်ပြားကို မော်တော်ယာဉ်မှာ တပ်ဆင်အသုံးပြုခြင်းတို့ကို မည်သူမျှ မပြုလုပ်ရဘူးလို့ ပြဌာန်းထားတယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

မော်တော်ယာဉ်ဥပဒေ ပုဒ်မ(၆၁) အရ ဘယ်သူမဆို ပုဒ်မ(၅၃)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ် တစ်သိန်း ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၁၅ ရက်နေ့က ဇွန်လ ၁၆ ရက်အထိ ဖောင်းကြွကားနံပတ်ပြား အသုံးမပြုတဲ့ မော်တော်ယာဉ် (၁၂၇) စီးနဲ့ ဆိုင်ကယ် (၁၈) စီးကို အရေးယူထားပြီး ဖြစ်တယ်လို့ ဝန်ကြီး ဒေါ်နီလာကျော်က ဆိုပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က