အိမ်ခြေ ၅၅၇ လုံးပျက်စီးခဲ့တာပါ။
Mi Thawdar Aung

မော်လမြိုင်မှာ စက်တင်ဘာ ၂ ရက် ညပိုင်းက အင်အားပြင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၅၇၇ လုံးထိခိုက်ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- Zin Moe

ဖက်တန်းရပ်ကွက်မှာ နေအိမ် ၇၃ လုံးနဲ့ ၈၉ သိန်းကျော်၊ အောက်ကျင်းရပ်ကွက်မှာ နေအိမ် ၅၉ လုံးနဲ့  ၉၂ သိန်းကျော်၊ ကျိုက်ဖနဲရပ်ကွက်မှာ နေအိမ် ၁၄၇ လုံးနဲ့ ၄၂၂ သိန်းကျော်၊ ရွှေမြိုင်သီရိရပ်ကွက်မှာ နေအိမ် ၁၈၅ လုံးနဲ့ သိန်း ၁၁၀ ကျော်၊ ဇေယျာသီရိရပ်ကွက်မှာ နေအိမ် ၇၈ လုံးနဲ့ သိန်း ၂၈၀ ကျော်၊ လှိုင်ရပ်ကွက်မှာ နေအိမ် ၃၃ လုံးနဲ့ ၃၈ သိန်းကျော်၊ ညောင်ပင်ဆိပ်ရပ်ကွက်မှာ နေအိမ်၂ လုံးနဲ့ ၄ သိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

အမျိုးသား ၁၃၂၆ ဦးနဲ့ အမျိုးသမီး ၁၆၅၁ ဦး စုစုပေါင်း ၂၉၇၇ ဦး လေဘေးသင့် ဒဏ် ခံစားခဲ့ရပြီး ကယ်ဆယ်ရေးစခန်းတစ်ချို့ ဖွင့်လှစ်ကာ ယာယီနေထိုင်ရေးစီစဉ်ပေးခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိတော့ ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ် အဆောက်အဦးနဲ့ စာသင်ကျောင်းတွေရဲ့ ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူပြီး ပြန်လည် ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Photo- Zin Moe

မွန်ပြည်နယ်အစိုးရအဖွဲ့ ရွှေမြိုင်သီရိရပ်ကွက်မှ လေဘေးသင့်ပြည်သူတွေကို အိမ်ဆောက်ပစ္စည်းနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ငွေ သိန်း ၁၁၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်တဲ့ရပ်ကွက်က လေဘေးသင့်အိမ်ထောင်စုတွေကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

မော်လမြိုင်မှာ စက်တင်ဘာ ၂ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က အင်အားပြင်းလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်အများစုမှာ နေအိမ်တွေ အမိုးလန်တာတွေ၊ ပြိုကျပျက်စီးတာတွေ၊ သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပြိုလဲပြီး နေအိမ်တွေ ပိကျ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

မွန်ပြည်နယ်ဟာ ယခုနှစ်အတွင်း ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ထူးခြားမိုးလေဝသ အခြေအနေမှာပါဝင်နေတာကြောင့် ပိုမိုဂရုပြု နေထိုင်သင့်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က Duwun ကိုပြောပါတယ်။

နောက်ထပ် ၃ ရက်အတွင်း မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေမှာ မိုးကြီးခြင်းတွေ၊ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်သေးတယ်လို့လည်း မိုးဇလ ဌာနက သတိပေးထားပါတယ်။


က္က