မြေနိမ့်ပိုင်းနေသူတွေပြောင်းရွှေ့နေထိုင်လျှက်ရှိပါတယ်။
Ei Ei Htun

မြေနိမ့်ပိုင်းတွေရော ၊ မြို့ထဲဘက်တွေမှာရော ရေက တော်တော်လေးဖုံးလွှမ်းနေပြီး ဇေယျာမြိုင်၊ သီရိမြိုင်နဲ့ သာယာအေးဘက်ကခြမ်းမှာ နေထိုင်တဲ့ လူဦးရေ (၄၀၀) ကျော်လောက်ကတော့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်လျှက်ရှိတယ်လို့ မော်လမြိုင်မြို့လူမှုကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ကိုဇင်မိုးကပြောပါတယ်။ 

photo- Zin Moe

မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ မနေ့က သြဂုတ်လ(၃၀)ရက်နေ့ ညကတည်းက မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မော်လမြိုင်မြို့ထဲအပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးမှုတွေဖြစ်ပေါ်လျှက်ရှိတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှသိရပါတယ်။ ရေကြီးမှုကြောင့် မော်လမြိုင်မြို့ အနိမ့်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

“ ရေကြီးတယ်ဆိုတာက မိုးကမနားတမ်း မနေ့ကညကတည်းကအခုထိရွာနေတာ။ အခုလိုမိုးကမရပ်မနားရွာနေတော့ မြေနိမ့်ပိုင်းတွေရော၊ မြို့ထဲဘက်တွေမှာရော ရေက တော်တော်လေးဖုံးလွှမ်းနေပြီ။ ကမ်းနားလမ်းဘက်မှာလည်း မြစ်ရေလျှံပြီး လမ်းတွေပေါ်ထိရေတွေရောက်နေပြီ။ ပထမတစ်ခါရေကြီးထားတော့ လူတွေက သိနေပြီ။ မိုးကြီးလို့ ရေတက်တာနဲ့ ဘုန်းကြီးကျောင်းတွေမှာတက်နေနေကြတာ။ ပထမတစ်ခါ ညပိုင်းဖြစ်တာဆိုတော့ တော်တော်လေးဒုက္ခရောက်ကုန်ကြတာ။ အခုကတော့ ကြိုပြီးပြောင်းရွှေ့နေထိုင်ကြတယ်” လို့ မော်လမြိုင်မြို့လူမှုကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

photo- Zin Moe

မော်လမြိုင်မှာ ယခုရေကြီးမှုကြောင့် ဇေယျာမြိုင်၊ သီရိမြိုင်နဲ့ သာယာအေးဘက်ကခြမ်းမှာ နေထိုင်တဲ့ လူဦးရေ (၄၀၀)ကျော်လောက်ကတော့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်လျှက်ရှိပါတယ်။ မော်လမြိုင်က ရေနုတ်မြောင်းတွေပိတ်နေတာကြာင့် အခုဆိုရင် မိုးကြီးတာနဲ့ ရေကြီးမှုက ဖြစ်ပေါ်လေ့ရှိပြီး မိုးပြတ်သွားရင်တော့ ရေကျမြန်တယ်လို့ ကိုဇင်မိုးကပြောပါတယ်။ မော်လမြိုင်က ပြီးခဲ့တဲ့သြဂုတ်လ(၉)ရက်နေ့ကလည်း တစ်မြို့လုံးရေလွှမ်းမိုးခဲ့ပြီး ဆိုးဆိုးရွားရွားရေကြီးမှုဖြစ်ခဲ့ပါတယ်။ ဘယ်လိုမှ မထင်မှတ်ထားတဲ့အချိန်မှာ အခုလိုမျိုးကြုံတွေ့ခဲ့ရတာကြောင့် အခုဆိုရင် ပြည်သူတွေအနေနဲ့ကလည်းရေတက်လာတာနဲ့ ကြိုတင်ပြောင်းရွှေ့နေထိုင်လျှက်ရှိတယ်လို့ ကိုဇင်မိုးကပြောပါတယ်။ 


က္က