ဖွင့်တဲ့နေ့မှာပဲ လာယူတဲ့သူတွေလည်း များသလို လှူဒါန်းတဲ့သူတွေလည်း များပါတယ်။
Mi Thawdar Aung

မော်လမြိုင် ကမ်းနားလမ်းမှာ မည်သူမဆို အခမဲ့စားသောက်လို့ရတဲ့ Food Box တွေကို ဇွန်လ ၂၀ ရက်ကစပြီး ဖွင့်လှစ်လိုက်ပါတယ်။

မော်လမြိုင်က ဒေသခံတွေနဲ့ ပရဟိတ လုပ်ကိုင်သူအချို့ကနေ ပန်းဘဲတန်းရပ်ကွက် မော်လမြိုင်တိုးချဲ့ကမ်းနားလမ်းမှာ ဖွင့်လှစ်ပေးထားပြီး အသင့်စားမုန့်တွေ၊ ရေသန့်ဘူးတွေနဲ့ အအေးဘူးတွေကို ထားပေးထားတယ်လို့သိရပါတယ်။

အပန်းဖြေကြတဲ့ကမ်းနားလမ်းလိုနေရာမှာ လမ်းသွားလမ်းလာတွေ ၊အားကစားကွင်းက ပြန်လာတဲ့သူတွေ အမောဖြေရင်း စားသောက်လို့ရအောင် စီစဉ်ပေးထားတယ်လို့ ပူးပေါင်းပါဝင်သူ ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

“ Food Box ရဲ့ ရည်ရွယ်ချက်ကို ဒေသခံတွေ မသိတာက နည်းနည်းတော့ခက်တယ်။ Food Box ဆိုတာက တကယ် ဗိုက်ဆာလို့ ယူစားတယ်ဆိုတာမျိုးကို ဖြစ်စေချင်တယ်။ အခုက နီးစပ်ရာလူတွေက ခေါက်တုံ့ ခေါက်ပြန်သယ်နေကြတယ်။ အဲဒါက နည်းနည်းတော့ ရုပ်ဆိုးတာပေါ့။ “ လို့ ကိုဇင်မိုးက ဆိုပါတယ်။

Photo- Zin Moe

Food Box ဆိုတာက စတုဒီသာလို လှူဒါန်းတာမျိုးမဟုတ်ဘဲ အမှန်တကယ် ဗိုက်ဆာပြီး လိုအပ်တဲ့သူတွေ အတွက် ရည်ရွယ်တာဖြစ်ပြီး အခုလက်ရှိအချိန်က အပျော်သဘောနဲ့ ယူစားကြတာမျိုးတွေ ရှိနေတယ်လို့ ကိုဇင်မိုးက ဆိုပါတယ်။

Food Box စတင်ဖွင့်လှစ်တဲ့နေ့ ဇွန်လ ၂၀ ရက် ညနေပိုင်းမှာပဲ လာယူတဲ့သူတွေလည်း များပြားသလို လာရောက်လှူဒါန်းတဲ့သူတွေလည်း များပြားခဲ့ပါတယ်။

အခုလို အများပြည်သူနေရာတွေမှာ Food Box တွေဖွင့်လှစ်ပေးတာ မန္တလေးမြို့က စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် မော်လမြိုင် ၊ မုံရွာမြို့တွေမှာ ဖွင့်လှစ်လာကြပြီ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


Author


က္က