ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။
Ei Ei Htun

စက်လှေမီးလောင်မှုမှာ တစ်ဦးသေဆုံး၊တစ်ဦးပျောက်ဆုံးနေပြီး ဒဏ်ရာရရှိတဲ့သူ(၃)ဦးမှာလည်း တစ်ဦးက (၈၀)ရာခိုင်နှုန်းလောက် အခြေအနေမကောင်းဘူးလို့ မြောင်းမြမြို့ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

photo -မျိုးဇော်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ သံပုံစက်လှေဆိပ်မှာ ဒီကနေ့ အောက်တိုဘာ(၁၀)ရက်နေ့ မနက်(၈)နာရီဝန်းကျင်လောက်က စက်လှေတစ်စီးမီးလောင်ခဲ့ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ မြောင်းမြမြို့ မီးသတ်ဦးစီးဌာနကနေသိရပါတယ်။

“ ကျွန်တော်တို့ဆီသတင်းရတာကတော့ မနက် (၈)နာရီဝန်းကျင်လောက်ကပေါ့။ စက်လှေက အောင်ချမ်းသာစက်လှေ လူစီးစက်လှေပေါ့၊ စက်လှေထဲမှာ ထမင်းဟင်းချက်ရာကနေ စတင်ပြီးလောင်တာလို့တော့ ပြောတယ်။ အခုထိသေချာတော့ မသိရသေဘူး။ စက်လှေအပေါ်မှာ ဆီပုံးတွေတင်ထားတော့ပိုဆိုးတာပေါ့။ မီးလောင်မှုမှာ တစ်ဦးသေဆုံးပြီး တစ်ဦးပျောက်နေတယ်။ သေဆုံးတဲ့သူက အမျိုးသားလို့တော့ထင်ရတာပဲ။ ဘာမှသေချာမသိရသေးဘူးဆိုတော့လေ။ ပျောက်ဆုံးနေတဲ့သူကိုတော့ မြေပြင်မှာ ဆောင်ရွက်နေတဲ့သူတွေရှာဖွေနေတုန်းပဲ။ ဒဏ်ရာရတဲ့သူက (၃)ဦးရှိတယ်” လို့ မြောင်းမြမြို့ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo -မျိုးဇော်

မီးလောင်မှုမှာ ဒဏ်ရာရရှိတဲ့ သူ(၃)ဦးက မြောင်းမြဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ (၃)ဦးမှာ (၂)ဦးက မစိုးရိမ်ရပေမယ့် ကျန်တဲ့တစ်ဦးက (၈၀) ရာခိုင်နှုန်းလောက်ထိ အခြေအနေမကောင်းဘူးလို့ အဆိုပါတာဝန်ရှိသူမှပြောပါတယ်။ လက်ရှိမှာတော့ စက်လှေမီးလောင်မှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေကိုဆောင်ရွက်နေပြီး ဥပဒေအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။


က္က