စိတ်ပူပန်စွာ စောင့်ဆိုင်းဝယ်ယူစရာမလိုပါဘူး။
Mi Thawdar Aung

ရန်ကုန်တိုင်းအတွင်း မြေအသုံးပြုခွင့်လျှာက်ထားကာလမှာ (၁) လတိတိ အချိန်ရတာကြောင့် လျှောက်လွှာတွေကို စိတ်ပူပန်စွာ စောင့်ဆိုင်းပြီး ဝယ်ယူစရာမလိုဘူးလို့ ရန်ကုန်တိုင်းအစိုးရ၊ မြေစီမံခန့်ခွဲမှုကော်မတီကနေ အသိပေးကြေညာထားပါတယ်။

Photo- မြေကွက်လျှောက်လွှာဝယ်ယူဖို့ စောင့်ဆိုင်းနေသူများ

လျှောက်လွှာပါ စည်းကမ်းချက်တွေ၊ မြေတည်နေရာတွေကို သေချာဖတ်ပြီး ကြိုတင်စဉ်းစားလေ့လာပြီးမှ လျှောက်လွှာဝယ်ယူတာက ပိုမိုအဆင်ပြေနိုင်မယ်လို့ သတိပေးထားပါတယ်။

လျှောက်လွှာပါအချက်အလက်တွေကို ကြိုတင်လေ့လာပြီး မိမိလျှောက်ထားရမယ့် အချက်အလက်တွေကို ပြင်ဆင်ထားပါမှ လျှောက်လွှာရတာနဲ့ အချိန်တိုအတွင်း ဖြည့်စွက်လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

မြေအသုံးပြုခွင့်လျှောက်လွှာတွေကို အောက်တိုဘာလ (၇) ရက်ကစတင်ရောင်းချပေးနိုင်ပြီး နိုဝင်ဘာ (၈) ရက်အထိ လျှောက်လွှာတွေ ဝယ်ယူတာတွေ၊ ပြန်တင်တာတွေ လုပ်နိုင်တယ်ဆိုပြီး ကြေညာထားပါတယ်။

ဒါကြောင့်ပြည်သူတွေအနေနဲ့ လျှောက်လွှာရရှိရေးကို အဓိက မထားဘဲ (၁)လ အတွင်း ဆောင်ရွက်နိုင်တာကြောင့် အေးဆေးသက်သာစွာ လျှောက်လွှာယူကြဖို့ မြေစီမံခန့်ခွဲမှုကော်မတီကနေ အသိပေးထားပါတယ်။

သိန်း (၆၀) တန် တန်ဖိုးနည်းမြေကွက်တွေဝယ်ယူနိုင်ဖို့ လျှောက်လွှာတွေကို တောင်ဥက္ကလာပမြို့နယ် ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံးမှာ ရောင်းချပေးနေတာဖြစ်ပြီး နေ့စဉ် သောင်းနဲ့ချီ တန်းစီစောင့်ဆိုင်း ဝယ်ယူသူတွေ တိုးကြိတ်နေတယ်လို့လည်း သိရပါတယ်။

 ဒဂုံ (၄) မြို့နယ်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တို့က မြေကွက် (၅၀၀) ကျော်ကိုပထမဆင့်အနေနဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ကတော့ တင်သွင်းလာတဲ့ လျှောက်လွှာတွေကို သေချာစိစစ်ပြီးတော့ အမှန်တကယ်လိုအပ်တဲ့သူတွေကိုသာ ရောင်းချပေးသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက စည်ပင်သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။


က္က