ကျွန်တော့ပါတီဟာလွတ်လပ်ပါတယ်၊ လက်မည်းကြီးကလည်းကျွန်တော့်ဆီလာလို့မရဘူးလို့ပြောပါတယ်။
Minn Nandar

သူရဦးရွှေမန်းက NLD အစိုးရတိုင်းပြည်တာဝန်စယူစဉ်တုန်းက ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာစမ်းစစ်ရေးကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ရတာဖြစ်ပြီး ဒါဟာ NLDရဲ့မေတ္တာရပ်ခံချက်အရတာဝန်ယူပေးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။


UBP ပါတီဟာ ပြင်ပကတိုက်ခိုက်ဝေဖန်နေကြသလိုမျိုး နောက်ကွယ်မှာလက်မည်းကြီးတွေရှိနေတယ်ဆိုတာ မမှန်ပါဘူးလို့ ပါတီရဲ့ထိပ်တန်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ဒီကနေ့ပြောဆိုလိုက်ပါတယ်။

“ရှင်းရှင်းတိုတိုပြောရမယ်ဆိုရင်တော့ ကျွန်တော့ပါတီဟာလွတ်လပ်ပါတယ်၊ လက်မည်းကြီးကလည်း ကျွန်တော်တို့ဆီလာလို့မရပါဘူး၊ လက်မည်းကြီးကအဲဒီလက်မည်းကြီးနေရာမှာနေ မဆိုင်ဘူး၊ လက်မည်းဆိုတာဘာလဲတော့မသိဘူး၊ အဲဒီအတိုင်းပဲ ပြည်ခိုင်ဖြိုးပါတီလည်း ကျွန်တော်တို့နဲ့ လမ်းခွဲလိုက်ပါပြီ ကျွန်တော့ကို ကန်လွှတ်လိုက်ပါပြီ၊ ကျွန်တော့ကိုအနားပေးလိုက်ပါပြီ၊ အမှန်ကတော့ထုတ်ပယ်လိုက်တာပါ၊ ဒါကြောင့်မို့လို့ ကျွန်တော်ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့လည်းလုံးဝပတ်သက်ခြင်းမရှိပါဘူး “ လို့ ၎င်းကဆိုပါ တယ်။

မန္တလေးမြို့ ၇၈ လမ်း ဟိုတယ်မန္တလေးမှာ ဒီကနေ့ပြုလုပ်တဲ့ UBP ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့လူထုတွေ့ဆုံပွဲကတစ်ဆင့် ၎င်းက တရားဝင်ပြောဆိုလိုက်တာပါ။

တပ်မတော်မှာနှစ်ပေါင်း ၄၅ နှစ်ကြာအောင်တာဝန်ထမ်းဆောင်ခဲ့သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာလည်း ဒုဥက္ကဋ္ဌနဲ့ဥက္ကဋ္ဌတာဝန် ၄ နှစ်တာထမ်းဆောင်ခဲ့တဲ့ ၎င်းကို အခုအခါမှာပါတီထူထောင်ဖြစ်တာနဲ့ပတ်သက်ပြီး တိုက်ခိုက်ဝေဖန်မှုတွေရှိနေတဲ့အပေါ် ၎င်းကရှင်းလင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

"ဒီနေ့မြန်မာနိုင်ငံမှာဒီမိုကရေစီပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီနိုင်ငံဒီမိုကရေစီအစိုးရဖြစ်အောင် ဘယ်သူကဘယ်လောက်အထိလုပ်ခဲ့သလဲ ဒီမိုကရေစီလို့ပြောနေတဲ့သူတွေ လည်း ဘယ်လောက်လုပ်နိုင်ခဲ့သလဲ ဘယ်လောက်လုပ်ခဲ့သလဲ ဒီမိုကရေစီစကားမပြောခင် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိအောင် ဒီမိုကရေစီအစိုးရလက်ထက်မှာ အောင်မြင်အောင် ဘယ်လောက်အထိလုပ်ပေးခဲ့သလဲ အားလုံးအသိပါ။ အာဏာရ NLDပါတီရဲ့လွှမ်းမိုးမှု တစ်ချို့ဆိုရင် ကျွန်တော့ကိုသစ္စာဖောက်တယ်၊ တစ်ဖက်နဲ့ပေါင်းပြီးတော့ သစ္စာဖောက်တယ်လို့ပြောကြတယ်၊ အဲဒီအထဲမယ် ခြံခုန်တယ်လို့လည်းပြောတဲ့သူတွေရှိတယ် ဒါတိရစ္ဆာန်နဲ့နှိုင်းတာပါ ကျွန်တော် NLD ပါတီဝင်လည်းမဟုတ်ခဲ့ဘူး" လို့လည်း ၎င်းကပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းက NLD အစိုးရတိုင်းပြည်တာဝန်စယူစဉ်တုန်းက ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာစမ်းစစ်ရေးကော်မ ရှင်မှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ရတာဖြစ်ပြီး ဒါဟာ NLD ရဲ့မေတ္တာရပ်ခံချက်အရတာဝန်ယူပေးခဲ့တာဖြစ်တယ်လို့လည်း ဒီကနေ့ပြောဆိုလိုက်ပါသေးတယ်။

အများပြည်သူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမပြင်ဆင်ရေးနဲ့ပတ်သက်လို့တော့ ပါတီအနေနဲ့ မြန်မာနိုင်ငံနဲ့ဆီလျော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ကိုပဲ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

UBP ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ ဒီကနေ့အထိပါတီဝင်သိန်းဂဏန်းမျှရှိနေပြီး ပဲခူး တနင်္သာရီ၊ မွန်၊ ဧရာဝတီ၊ စစ်ကိုင်း နဲ့ မန္တလေးတို့မှာ တိုင်းဒေ သကြီးနဲ့ပြည်နယ်ရုံးတွေဖွင့်လှစ်ထားပြီးဖြစ်တယ်လို့လည်း သူရဦးရွှေမန်းကပြောပါတယ်။


Author


က္က