အမှုဖွင့်ထားဆဲပါ။

မရောင်းချရသေးမီ ပျောက်ဆုံးသွားတဲ့ ထီလက်မှတ်တွေကို ရောင်းချနေရင် ဥပဒေအရ အရေးယူသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲကနေ သိရပါတယ်။

အဲ့ဒီ ထီလက်မှတ်တွေမှာ ပေါက်ဂဏန်းပါခဲ့ရင် ဆုမဲထုတ်ပေးမှာမဟုတ်သလို ရောင်းချနေတာမျိုးရှိရင်လည်း ဥပဒေအရအရေးယူမယ်လို့ ပြောထားပါတယ်။

"ဒီထီစာရွက်တွေဟာ အစိုးရက တရားမဝင်ကြောင်း ကြေညာထားတာဖြစ်ပြီး ပျောက်ဆုံးတယ်လို့ တရားဝင်ပြောပြီးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် စာတိုက်ကလည်း အမှုဖွင့်ထားတာရှိပါတယ်။ ဒီထီစာရွက်တွေကို လက်ဝယ်ကိုင်ဆောင်ရင် ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။"လို့ အောင်ဘာလေသိန်းဆုဌာနခွဲက တာဝန်ရှိသူတစ်ဦးက Duwun ကို ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များဖြန့်ချိရာမှာ အောင်ဘာလေသိန်းဆုဌာနခွဲက မရောင်းချရသေးမီ လမ်းခရီးမှာ ထီလက်မှတ်အစောင်ရေ ၁၄၁၃၅ စောင်ပျောက်ဆုံးခဲ့ပါတယ်။

အဲ့ဒီထီလက်မှတ်တွေက အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)ကနေ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ကို စာတိုက်ချောနဲ့ ပို့ဆောင်ရာလမ်းခရီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

ဒီထီတွေဟာမရောင်းရသေးတာကြောင့် အကယ်၍ ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ အဲ့ဒီ ထီလက်မှတ် နံပါတ်တွေက ဆုမဲတွေထွက်ပေါ်လာတယ်ဆိုရင် အထူးဆုကြီးစနစ်ဖြစ်စေ ဆုတစ်ဆုချင်းစနစ်တွင်ဖြစ်စေ ရောင်းချရတဲ့ ထီလက်မှတ် ဂဏန်းထွက်ပေါ်လာတဲ့အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်နေ့ရက်စွဲနဲ့ အောင်ဘာလေသိန်းဆုဌာနခွဲကကြေညာထားတာပါ။

အကယ်၍ ဝေေ၀ဆာဆာပဒေသာ ဆုမဲစနစ်မှာ ပေါက်နေရင် ဆုမဲတန်ဖိုး စုစုပေါင်းအတွက် ဖွင့်လှစ်ပေးမယ့် ဆုမဲတွေ ကြေညာပြီး အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။



က္က