Mi Thawdar Aung

မွန်ပြည်နယ် ပေါင်မြို့၊ သဲဖြူကုန်းကျေးရွာ မြေပြိုမှုကြောင့် သေဆုံးသွားတဲ့ အလောင်းကို ပြန်လည် ရှာဖွေနေရာ သြဂုတ်လ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန်အထိ စုစုပေါင်း သေဆုံးသူ (၅၁) ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြေပြိုကျမှု ဖြစ်ပွားသည့်နေရာ။ (Photo- Myanmar Fire Services Dept)

ွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ပေါင်မြို့၊သဲဖြူကုန်းကျေးရွာမှာ သြဂုတ်လ ၉ ရက် က မြေပြိုမှု ဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ တပ်မတော် ၊ လူမှုကယ်ဆယ်အဖွဲ့များနှင့် ပြည်သူတွေပူးပေါင်းပြီး လူအင်အား ၄၀၀ ကျော်နဲ့ စက်ယန္တယားတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအပါအဝင် ဌာနဆိုင်ရာဝန်ကြီးတွေလည်း သြဂုတ်လ ၉ ရက်က မြေပြိုကျမှု ဖြစ်ပွားခဲ့တဲ့နေရာတွေကိုလာရောက်ပြီး ဒေသခံတွေကို ထောက်ပံ့ငွေတွေ ပေးအပ်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်။ (Photo- Myanmar Fire Services Dept)

အဆိုပါ သဲဖြူကုန်းကျေးရွာမှာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပိုင်းမှာ ပါဝင်ပြီး ပေ ၃၀၀ လောက်မြင့်တဲ့ မလတ်တောင်မြေ ပြိုကျခဲ့တာပါ။

တောင်မြေပြိုကျခဲ့မှုကြောင့် လမ်းပိတ်သွားပြီး အနီးအနားက လူနေအိမ်တွေ၊  ဖြတ်သန်းမရဘဲ စောင့်ဆိုင်းနေတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေ အပေါ် မြေပိကျ သွားခဲ့တာဖြစ်ပါတယ်။

မြေပြိုကျမှုမှာ လူအယောက် ၄၀ ကျော်ကိုတော့ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။

လက်ရှိမှာ မွန်ပြည်နယ်အတွင်း သံဖြူဇရပ်-ရေးအကြား ကားလမ်းရေတိုက်စားမှုကြောင့် မော်တော်ယာဉ်တွေ သွားလာမရ ဖြစ်နေပြီး သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမှာလည်း ကားလမ်းမ လုံး၀ ပြတ်တောက်နေတယ်လို့ သိရပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က