Mi Thawdar Aung

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် (၄) အထက်တန်းကျောင်းမှ (၈) တန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ခဲ့လို့ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရွှေပြည်သာမြို့မရဲစခန်းကနေ သိရပါတယ်။

Photo - ကိုရဲ (ရွှေပြည်သာ) (ဓားထိုးမှု ဖြစ်စဉ် ဖြစ်ပွားပြီး အခြေအနေ)

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက် က (၈) တန်း (B) မှာ တက်ရောက်နေတဲ့ ကျောင်းသား မောင်ခန့်စည်သူက ကျောင်းအိမ်သာသွားပြီး အပြန်မှာ (C) အခန်းမှ မောင်မြင့်မြတ်သူဆိုသူက လိုက်လာပြီး မင်းဘာလို့ ကြည့်တာလဲလို့မေးရာ မောင်ခန့်စည်သူကနေ ကြည့်တော့ဘာဖြစ်လဲဟု ပြန်လည်ပြောဆိုတာကြောင့် မောင်မြင့်မြတ်သူက ပါးတစ်ချက် ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် ဇူလိုင် ၁၈ ရက် မနက် (၁၁) နာရီခွဲအချိန်မှာ မောင်ခန့်စည်သူက ကျောင်းအပြင် ရွှေပြည်သာမြို့နယ် ပန်းခြံစု ဗဟိုလမ်းမှာ ကျောင်းဆင်းပြန်လာတဲ့ မောင်မြင့်မြတ်သူကို ၁၀ လက်မလောက်ရှိတဲ့ ဓါးနဲ့ သုံးချက်ထိုးခဲ့တယ်လို့ သိရပါတယ်။ ဓါးထိုးခံရမှု ကြောင့် မောင်မြင့်မြတ်သူမှာ ဒဏ်ရာရရှိခဲ့ပြီး မြေပေါ်ကို လဲကျသွားခဲ့ပါတယ်။ ကျုးလွန်ခဲ့တဲ့ မောင်ခန့်စည်သူက ဓားထိုးပြီးနောက် ထွက်ပြေးရန်ကြံစည်ရာ ပတ်ဝန်းကျင်မှ လူတွေက ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီဖြစ်စဉ် ဖြစ်ပွားတာဟုတ်ပါတယ်။ အခုပဲ အမှုဖွင့်ထားပြီးပါပြီ။ တရားခံကိုလဲ ဖမ်းထားပါတယ်” လို့ ရွှေပြည်သာမြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

ဒဏ်ရာရရှိသူမောင်မြင့်မြတ်သူကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ကျုးလွန်သူ မောင်ခန့်စည်သူကိုတော့ ရွှေပြည်သာမြို့မရဲစခန်းမှ ပုဒ်မ (၃၂၆) နဲ့ ကနဦး အမှုဖွင့်ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က