စက်ရုံတွေမှာ စစ်ဆေးမှုတွေလည်းလိုက်လံဆောင်ရွက်နေပါတယ်။
Ei Ei Htun

နိုင်ငံတော်က ဧပြီလ (၁၉)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အတိုင်း စက်ရုံ၊အလုပ်ရုံတွေကို ဧပြီလ(၃၀)ရက်နေ့အထိ စစ်ဆေးမှုတွေလုပ်ဆောင်ပြီးမှ ဖွင့်လှစ်ဖို့ ညွှန်ကြားထားခဲ့ပေမယ့် တချို့စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ ဧပြီလ(၂၀)ရက်နေ့ကတည်းက ဖွင့်လှစ်နေတာတွေရှိပါတယ်။ 

ဒီကနေ့ မှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ စက်ရုံ၊အလုပ်ရုံများ အလုပ်သမားများ၏အရေးကိစ္စများနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံးဆွေးနွေးရာမှာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာမှုမရှိဘဲ ဖွင့်လှစ်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အရေးယူသွားမယ်လို့ ပြောကြားခဲ့သလို အလုပ်သမားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကလည်း လိုက်နာမှုမရှိတဲ့စက်ရုံတွေကို အရေးယူသွားမယ်လို့ Duwun ကိုပြောပါတယ်။

“ ဝန်ကြီးဌာနအနေနဲ့က တိုင်းအစိုးရကိုညွှန်ကြားထားပြီးသားဖြစ်တယ်။ ညွှန်ကြားချက်ထဲမှာလည်း စစ်ဆေးမယ့်အချက်တွေတစ်ခါတည်းပါတဲ့အတွက် တိုင်းအစိုးရ တာဝန်ရှိသူတွေက စက်ရုံအလုပ်ရုံတွေကို လိုက်လံစစ်ဆေးမှုတွေလည်းလုပ်ဆောင်နေပါတယ်။အချက်အားလုံးပေါင်း (၁၈)ချက် မဖြစ်မနေလိုက်နာရမယ့်အချက်တွေ၊ မလိုက်နာလို့ကိုမရပါဘူး။ မသိလို့ဖွင့်ခဲ့တဲ့ စက်ရုံတွေကိုတော့ ထပ်ပြီးအသိပေးထားပြီ။နောက်ပိုင်းမလိုက်နာတဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုတော့ ဥပဒေအရ အရေးယူမှုတွေလုပ်သွားမှာပါ” လို့ ဦးမျိုးအောင်က ပြောပါတယ်။ 

လက်ရှိမှာတော့ စက်ရုံအလုပ်ရုံတွေကို လိုက်လံစစ်ဆေးနေပြီး ဧပြီလ(၂၀)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်ရုံ(၉)ရုံ၊ ဧပြီ (၂၁)ရက်မှာတော့ ရန်ကုန်က စက်ရုံ (၆၅)ရုံနဲ့ ပဲခူးက စက်ရုံ (၉)ရုံတို့ကို စစ်ဆေးပြီးဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ဆေးပြီးသားစက်ရုံတွေအနေနဲ့ကလည်း ညွှန်ကြားချက်တွေကို လုပ်ဆောင်ပြီးခါက သက်ဆိုင်ရာကို သတင်းပို့ကာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်ရမှာဖွင့်လှစ်ရမှာဖြစ်တယ်လို့ ဦးမျိုးအောင်ကပြောပါတယ်။ 

လက်ရှိမှာတော့ ဧပြီလ(၃၀)ရက်နေ့ ထိ ဘယ်စက်ရုံ၊ အလုပ်ရုံမှ ဖွင့်ခွင့်ရအုံးမှာမဟုတ်ဘူးလို့ သိရပါတယ်။ 



က္က