ပြည်တွင်းပြည်ပက လာရောက်သူတွေ စည်ကားနေတာပါ။

ေတောင်ပြုန်းပွဲတော်ရဲ့ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး တာင်ပြုန်းမင်းနှစ်ပါး ချိုးရေတော်သုံးပွဲလို့ အစဉ်အလာအတိုင်းသတ်မှတ်ခေါ်ဝေါ်ကြတဲ့ မင်းနှစ်ပါးရုပ်တု ရေချိုးပေးတဲ့အခမ်းအနားကို သြဂုတ်လ ၁၁ ရက် က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လာကြတဲ့ နတ်ကိုးကွယ်ယုံကြည်သူတွေ သိန်းချီလာရောက်ပူဇော်ပသခဲ့ပြီး တိုးမပေါက်အောင်စည်ကားခဲ့ပါတယ်။

နတ်ရေချိုးပွဲ၊ မင်းနှစ်ပါးချိုးရေတော်သုံးပွဲ၊ ချိုးရေသဘင်အစရှိသဖြင့် ခေါ်ကြတဲ့ ဒီအခမ်းအနားကို နှစ်စဉ် ဝါခေါင်လဆန်း ၁၁ ရက်နေ့မှာကျင်းပလေ့ရှိပါတယ်။ အရင်ကာလတွေတုန်းကတော့ တောင်ပြုန်းကြီးကျေးရွာအနီး ဧရာဝတီမြစ်ကမ်းနားဘေးမှာ သွားရောက်ကျင်းပကြတာလို့ ရှေးမီနောက်မီလူတွေက ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ ဧရာဝတီမြစ်ရေနည်းလာတာ၊ မြစ်ကမ်းနားမှာ ကျွန်းသောင်တွေပေါ်လာတာကြောင့် ပွဲတော်ကျင်းပတဲ့နေရာနဲ့ အလှမ်းဝေးသွားလို့ မင်းနှစ်ပါးနန်းတော်ရဲ့အရှေ့မှာပဲ ရေချိုးဆောင်တစ်ခုနဲ့ နတ်ရေချိုးပွဲကို ကျင်းပလာခဲ့ရတယ်လို့ သိရပါတယ်။

တောင်ပြုန်းပွဲတော်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပြယုဂ်ဖြစ်ပြီး အခုနှစ်ကျင်းပရာမှာ မိုးတွေရွာနေပေမယ့်လည်း အနယ်နယ်အရပ်ရပ်က လာရောက်သူတွေနဲ့ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။

မြန်မာနိုင်ငံသာမကဘဲ ပြည်ပ နိုင်ငံတစ်ချို့ကပါ ယုံကြည်မှုအရရော၊ လေ့လာစရာဒေသတစ်ခုအဖြစ် နှစ်စဉ်လာရောက်လေ့ရှိတယ်လို့သိရပါတယ်။

 “ ဘယ်သူတွေဘာပဲ ပြောပြော နတ်ပွဲကတော့ရှိနေမှာပါပဲ။ ကမ္ဘာကြီး တီထွင်ခေတ်မီမှုများလာပေမယ့် ဒီနတ်ပွဲလောက ဆုတ်ယုတ်သွားတာမျိုးမရှိပါဘူး။ ကမ္ဘာတည်သရွေ့ နတ်ပွဲကတော့ ရှိသွားမယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံကဆို တောင်ပြုန်းမင်းလေးနှစ်ပါးကို ကိုးကွယ်တာ အကြံအစည်အောင်တယ်ဆိုပြီး လာကြတယ်။ “ နတ်ဟောဆရာ ကိုဇော်မင်းက Duwun ကိုပြောပါတယ်။

ရှေးနှစ်ပေါင်းများစွာ မင်းလက်ထက်တွေကတည်းက အခုထက်တိုင် မပျက်မကွက် ယုံကြည်စွာ ဆင်နွှဲကြတဲ့ ရိုးရာဓလေ့နတ်ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်မှာတင် ကျင်းပခွင့်မရတာမျိုးမရှိသလို ပုဂံခေတ်ကတည်းက နှစ်စဉ် မပြတ်ကျင်းပလာခဲ့ကြတယ်လို့ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာမှာ နှစ်စဉ်ကျင်းပနေတဲ့ တောင်ပြုန်းပွဲတော်ကို ဒီနှစ်မှာလည်း သြဂုတ်လ ၈ ရက် (ဝါခေါင်လဆန်း ၈ ရက်)ကစပြီး သြဂုတ်လ ၁၅ ရက် (ဝါခေါင်လပြည့်နေ့) အထိ စည်စည်ကားကားနဲ့ ကျင်းပနေတာဖြစ်ပါတယ်။

သြဂုတ်လ ၁၄ ရက် ဝါခေါင်လဆန်း ၁၄ ရက်မှာ ယုန်ကြိုပွဲနဲ့ထိန်ခုတ်ပွဲ၊ ဝါခေါင်လပြည့်နေ့မှာ တောင်ပြုန်းဆုတောင်းပြည်ဘုရား ဆွမ်းလောင်းပွဲနဲ့သံဃာ့ဒါနအလှူပွဲအခမ်းအနား တွေ ကျင်းပမယ်လို့ ပွဲကျင်းပရေးကော်မတီဆီကသိရပါတယ်။

Share

Loading Next Article...
က္က