ယုန်ထိုးပွဲကို သြဂုတ်လ(၁၄)ရက်နေ့က ကျင်းပခဲ့တာပါ။

နှစ်စဉ်နှစ်တိုင်းစည်စည်ကားကားကျင်းပတဲ့ တောင်ပြုန်းနတ်ပွဲရဲ့ ယုန်ထိုးပွဲတော်မှာ အရင်နှစ်တွေက လူတွေဟာ အရက်မူးပြီး ညစ်ညမ်းတဲ့ပြောဆိုမှုတွေရှိတာကြောင့် ဒီနှစ်မှာတော့ ညစ်ညမ်းပြောဆိုသီဆိုမှုတွေကိုတားမြစ်ထားတယ်လို့ သိရပါတယ်။

တောင်ပြုန်းနတ်ပွဲရဲ့ ယုန်ထိုးပွဲအခမ်းအနားကို တောင်ပြုန်းမင်းနှစ်ပါးနန်းတော်တည်ရှိရာမှာပဲ သြဂုတ်လ(၁၄)ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုင်ရာ ယုံကြည်သူတွေစုပေါင်းကျင်းပကြတဲ့ ရိုးရာဓလေ့နတ်ကိုးကွယ်ပူဇော်ပသတဲ့ အခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။ ဒီယုန်ထိုးပွဲအခမ်းအနားကို အရင်နှစ်တွေကတော့ အခမ်းအနားကျင်းပနေစဉ်အတွင်း ညစ်ညမ်းတဲ့ပြောဆိုမှုတွေရှိပေမဲ့ ဒီနှစ်ကစလို့ ညစ်ညမ်းတဲ့စကားလုံးတွေပြောဆိုသီဆိုသုံးနှုန်းခွင့်မပြုတော့ဘူးလို့လည်းသိရပါတယ်။

“ လူတွေက မူးပြီးတော့ ပြောတဲ့စကားတွေထဲမှာ ညစ်ညမ်းတဲ့ စကားလုံးတွေပါပါနေတယ်။ အခုလို ညစ်ညမ်းတဲ့စာသား၊ ယုတ်ညံ့တဲ့ စာသား၊ နတ်ယုံကြည်မှုဆုတ်ယုတ်မယ့် စာသားတွေကို မလုပ်ပါနဲ့ဆိုပြီး ဒီနှစ်ကစပြီး တင်းကြပ်လိုက်တယ်”လို့ တောင်ပြုန်းမင်းနှစ်ပါးပွဲတော်မှ ဒုတိယအမှုဆောင် ဦးကြည်ဆွေက Duwun ကိုပြောပါတယ်။

အခုလိုယုန်ထိုးပွဲ အခမ်းအနား ဖြစ်ပေါ်လာရခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဒုတိယအမှုဆောင် ဦးကြည်ဆွေက “ ပုပ္ပါးတောင်ကလပ်မှာ ရှိတဲ့ မယ်ဘုရားဆီကိုသားတော်နှစ်ပါးကသွားတယ်။ အသွားမှာ လမ်းခုလပ်ထန်းတောမှာ သားတော်နှစ်ပါးက ထန်းတက်သမားတစ်ဦးနဲ့တွေ့တော့ အဘိုးဘာလုပ်နေတာလဲမေးတော့ ထန်းတက်သမားက ငါထန်းတက်နေတာပါကွာလို့ပြန်ပြောတယ်။မင်းတို့ကော ဘယ်သွားမှာလဲဆိုပြီးပြန်ပြောတော့ ကျွန်တော်တို့ ပုပ္ပါးသွားမှာလို့ ပြန်ပြောခဲ့တယ်။ အဲတာဆိုလည်း ခဏနားဦး ထန်းရည်လေးတစ်မြူ၊ နှစ်မြူလောက်သောက်ပြီးမှ ခရီးဆက်ပေါ့ဆိုပြီး ထန်းတက်သမားက သားတော်နှစ်ပါးကို ထန်းရည်နဲ့ ယုန်သုပ်လေးကျွေးလိုက်တာ။ သားတော်နှစ်ပါးက ယုန်သုပ်ကို သဘောကျသွားပြီးတော့ နှစ်စဉ်နှစ်တိုင်း သူတို့နန်းကို ယုန်လာဆပ်ခိုင်းရင်းကနေ အခုလိုယုန်ထိုးပွဲတော်ဖြစ်လာတာ” လို့ ပြောပါတယ်။

ယုန်ထိုးပွဲလို့ခေါ်ကြသလို ယုန်တော်ဆက်သပွဲလို့လည်းခေါ်ကြတဲ့ ဒီအခမ်းအနားကို နတ်ဝတ်တန်ဆာ မင်းမြှောက်တန်ဆာတွေဝတ်ဆင်ပြီး ကြီးစွာသောခန့်ညားထည်ဝါလှတဲ့အခမ်းအနားတစ်ခုအဖြစ်ကျင်းပကြတာပါ။နတ်ဝတ်တန်ဆာနဲ့မင်းမြှောက်တန်ဆာဝတ်ဆင်ထားကြသူတွေက ယုန်တော်ဆက်သရတဲ့အမှုထမ်းတွေဆီကတစ်ဆင့် ယုန်တော်ကိုကြိုဆိုပြီး တောင်ပြုန်းမင်းနှစ်ပါးရုပ်တုရှိရာဆီ ပူဇော်ဆက်သကြတာလည်းဖြစ်ပါတယ်။တောင်ပြုန်းပွဲတော်ကို ဝါခေါင်လဆန်း(၈)ရက်နေ့ကစတင်ကျင်းပခဲ့ပြီး ဒီနေ့ဆို ပွဲတော်နောက်ဆုံးရက်ကို ရောက်ရှိလာပါပြီ။ ဝါခေါင်လဆန်း (၁၀)ရက်နေ့က ညီလာခံသဘင်အခမ်းအနား၊ (၁၄)ရက်နေ့က ယုန်ထိုးပွဲအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ဒီကနေ့ ပွဲတော်နောက်ဆုံးရက်ဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာတော့ တောင်ပြုန်းဆုတောင်းပြည့်ဘုရား ဆွမ်းလောင်းပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်သွားမှာပါ။

Share

Loading Next Article...
က္က