ဖြစ်ပွားခဲ့တဲ့နေ့ကစပြီး ယနေ့ထိ တာဝန်ရှိသူတွေအနေနဲ့ တရားခံများကို စုံစမ်းရှာဖွေနေဆဲပါ။
Ei Ei Htun
ဖောက်ထွင်းခံရတဲ့ ဥမင်တောရကျောင်းကစေတီကို တည်ထားကိုးကွယ်ထားတာ တစ်နှစ်ကျော်ကာလသာရှိသေးပြီး ယခုပျံလွန်တော်မူသွားပြီဖြစ်တဲ့ ယခင်ကျောင်းထိုင်ဘုန်းကြီးက တည်ထားခဲ့တာပါ။

photo- ထုံးဘိုရဲတပ်ဖွဲ့

 တောရဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူကဌာပနာများကို ဖောက်ထွင်းခိုးယူမှုဖြစ်စဉ်တစ်ခု ဇွန်လ (၆)ရက်နေ့က ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပက်သက်ပြီး တရားခံများကို ယနေ့ထိ စုံစမ်းဆဲဖြစ်ကာ ဖမ်းမမိသေးကြောင်း တောင်ငူမြို့နယ် ထုံးဘိုရဲစခန်းကနေ သိရပါတယ်။ တောင်ငူမြို့နယ် ဒိုးသောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းတိမ်ကျေးရွာ၊ ဥမင်တောရကျောင်းက(၂၄)ပစ္စည်းပဌာန်းစေတီတော် ဖောက်ထွင်းခိုးယူခံရတာပါ။

ဖြစ်စဉ်နဲ့ ပက်သက်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ

“ သိရတာက ဇွန်လ(၆)ရက်နေ့ မနက်(၁၀)နာရီလောက်မှသိရတာ။ ဇွန်လ(၅)ရက်နေ့ ညနေပိုင်းကထိ ပုံမှန်တိုင်းဘာမှမဖြစ်သေးဘူးဆိုတော့ ကြားအချိန်အတွင်းမှာ ဖြစ်သွားတာ အချိန်တော့ အတိအကျပြောလို့မရဘူး။ တရားခံတွေကိုလည်းမမိသေးဘူး စုံစမ်းဆဲဆိုတော့ အတိအကျပြောလို့မရသေးဘူး။ စေတီထဲမှာ ဌာပနာပိတ်ထားတဲ့ ရွှေထည်တွေပါသွားတယ်။ တန်ဖိုးက (၁၁)သိန်းကျော်ကျော်လောက်ရှိမယ်။ အခုတရားခံတွေကို ပုဒ်မ (၂၉၅)၊ (၄၅၇) တို့နဲ့ အမှုဖွင့်ပြီး စုံစမ်းရှာဖွေနေတယ်” လို့ ဇွန်လ(၁၀)ရက်နေ့က တောင်ငူမြို့နယ် ထုံးဘိုရဲစခန်းမှ ဒုရဲအုပ်လှစိန်က Duwun ကိုပြောပါတယ်။

တောင်ငူမြို့နယ်မှာ အခုလိုဖြစ်စဉ်က ကျွန်တော်တာဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက်မှာ ဒါက ပထမဆုံးဖြစ်ပွားတာလို့ ဒုရဲအုပ်လှစိန်က ပြောပါတယ်။

photo- ထုံးဘိုရဲတပ်ဖွဲ့

“ ဒီလုပ်ရပ်က မလုပ်သင့်တဲ့လုပ်ရပ်လို့မြင်တယ်၊၊ သာသနာတော်ပိုင်ပစ္စည်းကိုတောင် ခုလိုလုပ်တယ်ဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး မလုပ်သင့်ဘူးလို့ပဲ ပြောချင်တယ်။

ဒီစေတီက အရင်ကျောင်းထိုင်ဘုန်းဘုန်းကြီး ပျံလွန်တော်မမူခင်က တည်ထားခဲ့တဲ့ စေတီတစ်ဆူဖြစ်တယ်” လို့ ဥမင်တောရကျောင်းမှာ သတင်းသုံးနေထိုင်တဲ့ ဦးဇင်းဝေပုလ္လ က Duwun ကို ပြောပါတယ်။

 အခုဖောက်ထွင်းခံရတဲ့ (၂၄)ပစ္စည်းဌာပနာ စေတီတည်ထားကိုးကွယ်ထားတာက (၁)နှစ်နဲ့ (၁) လသာ ရှိသေးတယ်လို့ သိရပါတယ်။


Author


က္က