ဝေဘာဂီဆေးရုံမှာတော့ အစားအသောက်၊ဆေးဝါးတွေကို သယ်ဆောင်ပေးတဲ့ Robotic Trolley တွေလိုအပ်နေတာပါ။
Mi Thawdar Aung

COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးအတွက် ဆေးရုံတွေမှာလိုအပ်တဲ့ စက်ပစ္စည်းတွေကို မြန်မာလူငယ်တွေ တီထွင်နေကြရာ နိုင်ငံတော်ကလည်း ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

လူနာတွေအတွက် အစားသောက်၊ ဆေးဝါးတွေကို သယ်ဆောင်ပေးနိုင်ဖို့ စက်ရုပ်ထော်လီတွေ၊ အလိုအလျောက်ဆေးဖြန်းပေးတဲ့စက်ရုပ်တွေ၊ အဝေးထိန်းကိရိယာနဲ့ အပူချိန်တိုင်းလို့ရတဲ့ကိရိယာတွေအပြင် ရပ်ကွက်၊ကျေးရွာတွေမှာ အသုံးပြုနိုင်တဲ့ ဒရုန်းစပီကာတွေကို မြန်မာနည်းပညာလူငယ်လေးတွေက တီထွင်နေကြတယ်လို့သိရပါတယ်။

 “ကျွန်မတို့ ဝေဘာဂီဆေးရုံနဲ့ ဆွေးနွေးတဲ့အခါမှာ Robot ထော်လီတွေ၊ လိုချင်ပါတယ်လို့ပြောတယ်။ ဒါတွေက ဒီနိုင်ငံမှာလည်းမများပါဘူး။ နိုင်ငံခြားကမှာလို့လည်း အဆင်မပြေဘူး။ ဈေးလဲတော်တော်ကြီးတယ်။ မြန်မာနိုင်ငံကပဲ နည်းပညာတက္ကသိုလ်ကျောင်းသားတွေ အားလုံးဝိုင်းဝန်းပြီးတော့ တီထွင်နေကြပြီ ။ နိုင်ငံတော်ကလည်း လိုအပ်တဲ့ ငွေရေးကြေးရေးပံ့ပိုးပေးမှာပေါ့ “ လို့ ဧပြီလ ၂၄ ရက်မနက်ပိုင်းက ပြုလုပ်တဲ့ တီးတိန်မြို့က ပြည်သူတွေနဲ့ ဗီဒီယိုထုတ်လွှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

Photo- ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားများ ဖန်တီးထားသည့်အလိုအလျောက်ဆေးဖြန်းပေးတဲ့စက်ရုပ်။

လက်ရှိတော့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားတွေစုပေါင်းပြီးတော့ အလိုအလျောက်ဆေးဖြန်းပေးတဲ့ စက်ရုပ်တစ်ခု တီထွင်ထားပြီး ဝေဘာဂီအထူးကုဆေးရုံကြီးကိုပို့ဆောင်သွားမယ်လို့လည်း တီထွင်ဖန်တီးရာမှာ ပါဝင်တဲ့ နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ရှင်းသန့်မောင်မောင်က Duwun ကိုပြောပါတယ်။

“ လူနာအများဆုံးရှိတာက ဝေဘာဂီဆေးရုံဆိုတော့လေ သူတို့ဆေးဖြန်းတဲ့အခါမှာ ကော်ရစ်တာ တောက်လျှောက်ဖြန်းတာဆိုတော့ ဒီစက်ရုပ်နဲ့ဆို သူတို့ပိုအဆင်ပြေတာပေါ့။ ဒီစက်ရုပ်ရယ်၊ဆေးဖြန်းတဲ့ ဆေးရည်အတွက် အလိုအလျောက်ပြန်ဖြည့်ပေးမယ့် စက်ပါတီထွင်ထားပါတယ်။ ဒါတွေကို ဝေဘာဂီဆေးရုံကိုပို့မှာပါ” လို့ မောင်ရှင်းသန့်မောင်မောင်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက COVID-19 ရောဂါကုသပေးနေတဲ့ ဆေးရုံတွေမှာ လူနာနဲ့ကျန်းမာရေးဝန်ထမ်းတွေ အထိအတွေ့နည်းနိုင်အောင် အထောက်အကူပြုတဲ့ပစ္စည်းတွေ အများဆုံးလိုအပ်နေပြီး မြန်မာနိုင်ငံက နည်းပညာတက္ကသိုလ်ကျောင်းသားတွေ၊ သုတေသနပြု လူငယ်တွေကလည်း တတ်နိုင်သလောက် ဝိုင်းဝန်းဖန်တီးပေးနေကြတာဖြစ်ပါတယ်။


က္က