စက်တင်ဘာ ၁၁ရက်နေ့ကနေ ၁၄ ရက်နေ့ထိ တောင်ဒဂုံသားတွေအတွက် လုပ်ကိုင်စားသောက်စရာ ဈေးကွက်တစ်ခု ရနေပါတယ်။
Thin Nu Swe

စက်တင်ဘာလ ၁၀ရက်နေ့ည ၇နာရီ ၅မိနစ်က လောင်ကျွမ်းခဲ့တဲ့ ဒဂုံဆိပ်ကမ်းက ဇာမဏီ ဖယောင်းသိုလှောင်ရုံ မီးလောင်ခဲ့တဲ့နေ့ပြီး နောက်တစ်ရက် ၁၁ရက်နေ့မှာတော့ မီးလောင်ခဲ့ရာနေရာဆီကို ဆိပ်ကမ်းမြို့နယ်တွင်းက လူတွေသာမက တောင်ဒဂုံ ၂၀ရပ်ကွက် ၊ ၂၁ရပ်ကွက် ၊ ၈၈ ရပ်ကွက် ၊ ၈၂ရပ်ကွက် ၊ ၉၀ နဲ့ ကျီစုဘက်ကလူတွေပါ မိသားစုလိုက် လာရောက်ပြီး တုတ်တုတ်ကားတွေနဲ့ ဖယောင်းတွေ လာဆယ်ကြသူတွေရှိသလို ဂုန်နီအိတ်နဲ့ လာရောက်ဆယ်တဲ့သူတွေလည်း ရှိပါတယ်။

တစ်ဖွဲ့ကို လူ ၅ဦးကနေ ၆ဦးအထိ စုပြီး သယ်ကြတဲ့သူတွေအတွက် တစ်သုတ်ကို ၆သိန်းဖိုးလောက် ရရှိကြတယ်လို့ ဖယောင်းတူးသူတွေကပြောပါတယ်။ ပထမဆုံးနေ့က တစ်ပိဿာ ၄၅၀ ရရှိနေရာကနေ ၃ရက်ကျော်လာချိန်မှာတော့ ၂၅၀ ဖြစ်သွားတဲ့ ထိဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ ဖယောင်းခဲလေးတွေသာ ဆယ်ယူကောက်တဲ့သူတွေအဖို့ ဂုန်နီအိတ်တွေနဲ့ ရရာဈေးနဲ့ ရောင်းနေတဲ့သူတွေရှိနေသလို ဈေးတက်မှ ရောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ အိမ်မှာ သိမ်းဆည်းထားကြသူတွေလည်းရှိပါတယ်။

တောင်ဒဂုံ ၂၁ရပ်ကွက်ကနေ လာရောက် ဖယောင်းဆယ်ယူသူကလည်း သူ့ရဲ့ အတွေ့အကြုံကို Duwun ကို ပြောပြပါတယ်။

“ကိုယ်က ကျုံးထားတာတွေကိုနောက်ကနေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ပိုင်ရှင်ပါဆိုပြီး လိုက်ယူတာတွေလည်း ကြုံရတယ်။ အိမ်ထိလိုက်ယူရတာတွေလည်း ကြုံရတယ်။ ကိုယ်ပင်ပန်းတာတွေ အလကားဖြစ်တာပေါ့။ ဒါတွေလည်း ကားတွေနဲ့သယ်ရတာ။ ကားက တစ်ခါတင်ရင် တစ်သောင်းခွဲရှိတယ်။ ခုဆို အိမ်မှာ အပုံလိုက်ဖြစ်နေပြီ။ ဝယ်မယ့်သူက မရှိ။ အစက တစ်ပိဿာ ၄၅၀ ကနေ ခု ၂၀၀တောင်အနိုင်နိုင်ဖြစ်နေပြီ။ ရောင်းတဲ့သူတွေက အရမ်းများလို့ ဈေးတွေတအားနှိမ်တယ်။”

တောင်ဒဂုံ ၂၀ ရပ်ကွက်က ဖယောင်းတူးသူကလည်း Duwun ကို ခုလိုပြောပြပါတယ်။

“အစ်မတို့က ဒါ ပထမဆုံးအကြိမ်သွားတူးတာ၊ အစ်မတို့အဖွဲ့က ၆ယောက်ရှိတယ်။ ရလာတဲ့ ဖယောင်းတွေက ရောင်းလိုက်ရင်တော့ ၆သိန်းလောက် ရမယ်တော့ ခန့်မှန်းတယ်။ တူးတဲ့နေရာမှာတင် လာဝယ်တဲ့သူတွေရှိတယ်။ ပုတ်ပြတ်နဲ့ လာဝယ်ကြတာပေါ့။ အစ်မတို့ကတော့ မရောင်းဘူး။ ကိုယ့်နေရာမှာပဲ ရောင်းမယ်ဆိုပြီး တုတ်တုတ် နဲ့ ပြန်ယူလာတာ”

အစပထမရက်မှာ ဖယောင်းလာရောက်ဆယ်ယူသူတွေ၊ ပွဲစားတွေနဲ့ ပွဲဈေးတန်းကြီးသဖွယ် ပြည့်ကျပ်စည်ကားနေခဲ့ပြီး ၄ရက်မြောက်ချိန်မှာတော့ သိုလှောင်ရုံအတွင်း ပြန့်ကြဲနေခဲ့တဲ့ ဖယောင်းတွေဟာ မရှိသလောက် ဖြစ်သွားပါပြီ။ ဖယောင်းခဲလေးတွေ ဆယ်ယူကောက်နေတဲ့သူတွေသာ ရှိပါတော့တယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကို ဓူဝံက ဖုန်းဆက်မေးမြန်းတဲ့အခါမှာတော့ စုံစမ်းနေဆဲဖြစ်ပြီး မသိရသေးကြောင်း ပြောပါတယ်။



က္က