ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု တွေ ပိုပြီးနီးကပ်လာ

ကမ္ဘာမှာ မိန်းကလေး ၄ ယောက်မှာ ၁ ယောက်နဲ့ ယောက်ျားလေး ၆ ယောက်မှာ ၁ ယောက်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံနေရတယ်လို့ ဇူလိုင် ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ “သင့်ကလေးကို Sex Education ဘယ်လိုသင်ပေးကြမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကနေ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ ကလေးငယ်တွေရဲ့ ပျမ်းမျှအသက်မှာ ၉ နှစ် ဝန်းကျင်ဖြစ်နေပြီး အနိုင်ကျင့်စော်ကားခံရတဲ့ ကလေး ၉၃ ရာခိုင်နှုန်းက သူတို့ကို အနိုင်ကျင့်ခဲ့သူတွေကို သိနေကြတယ်လို့ စစ်တမ်းတွေအရ သိရှိရပါတယ်။ အနိုင်ကျင့်စော်ကားသူတွေရဲ့  ၄၇ ရာခိုင်နှုန်းက ကလေးရဲ့ ဆွေမျိုး၊ ဆွေမျိုးနီးစပ်တဲ့သူတွေထဲက ဖြစ်ပြီး ၉၃ ရာခိုင်နှုန်းကတော့ ကလေးနဲ့ ရင်းနှီးတဲ့သူတွေကထဲက ဖြစ်ကြတာကို တွေ့ရတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ဟောပြောသူ ဒေါက်တာ စိမ့်စမ်းဖြူက ပြောပါတယ်။

“ ကလေးတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ကိစ္စက ကျွန်မတို့နဲ့ ထင်ထားတာထက်ပိုပြီးတော့ ကျွန်မတို့ နဲ့ ပိုပြီးနီးကပ်လာပါတယ်။အရင်တုန်းက လူနေမှု အဆင့်အတန်း နိမ့်တဲ့သူတွေမှာ ပိုပြီးတော့ အဖြစ်များခဲ့ပေမယ့် အခု နောက်ပိုင်းမှာ ဒီပြဿနာက အရမ်းကို နီးကပ်လာပြီ။ ဒီတော့ မိဘတွေကနေ ကိုယ့်ရဲ့ ကလေးကို ဘယ်လို sex education တွေ သင်ပေးဖို့ လိုမလဲဆိုတာက လိုအပ်လာပါတယ်” လို့ ဒေါက်တာ စိမ့်စမ်းဖြူက ဆိုပါတယ်။

မိဘတွေအနေနဲ့ ကလေးတွေကို Sex Education သင်ကြားရာမှာ မူကြိုအရွယ်၊ ကျောင်းနေအရွယ်၊ ဆယ်ကျော်သက် အရွယ် စသည်ဖြင့် အသက်အရွယ်ပေါ် မူတည်ပြီး ကလေးတွေ သိသင့်သိထိုက်တဲ့ လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်းတွေကို တစ်ဆင့်ချင်း ပြောပြပေးရမှာ ဖြစ်တယ်လို့ အဆိုပါ ဆွေးနွေးပွဲမှာ ပါဝင်ဟောပြောသူတွေက ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်ဟောပြောသူတွေအနေနဲ့ ဒေါက်တာ ဖြိုးသီဟ၊ ဒေါက်တာ ခင်ထားထားတို့ ပါဝင်ခဲ့ကြပြီး မိဘတွေ အနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုနည်းလမ်းတွေနဲ့ သင်ကြားပေးသင့်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို စိတ်ပါဝင်စားတဲ့ ကလေးမိဘတွေ၊ ဆရာဆရာမတွေ အများအပြား တက်ရောက်ခဲ့ပြီး ကလေးတွေကို လိင်ပညာပေးခြင်းနဲ့ ပတ်သက်ပြီး သိလိုတဲ့ မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ကြပါတယ်။

Share

Loading Next Article...
က္က