စက်တင်ဘာလ(၃၀)မှာ စတင်ရိုက်ကူးတော့မှာပါ။
Ei Ei Htun

ဂဠုန်ဦးစောရဲ့ မြစ်က ဂဠုန်ဦးစောရဲ့ရုပ်ရည်နဲ့ ကာရိုက်တာအရကော တော်တော်တူတဲ့ဖြစ်ပြီး သူကိုယ်တိုင်က သူ့အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်တယ်၊ ဒီနိုင်ငံကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်ဆိုကာ ပါဝင်သရုပ်ဆောင်ခွင့်ရဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းကပြောပါတယ်။

အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားမှ ပုံရိပ်များ

စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးတော့မှာဖြစ်တဲ့ အောင်ဆန်းရုပ်ရှင်မှာတော့ ဗိုလ်ချုပ်ကို လုပ်ကြံခဲ့တဲ့ ဂဠုန်ဦးစောရဲ့နေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး အခုလိုသရုပ်ဆောင်ခွင့်ကိုလည်း ဂဠုန်ဦးစောရဲ့မြစ်ကိုယ်တိုင်က ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂဠုန်ဦးစောနေရာမှာ သူ့ရဲ့မြစ်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မယ်ဆိုတာကိုတော့ စက်တင်ဘာလ(၂၄)ရက်နေ့က ရန်ကုန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်စတင်ရိုက်ကူးခြင်းအခမ်းအနားမှာ ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ မိတ်ဆက်ပြောကြားပေးရင်းသိခဲ့ရတာပါ။

“ ဗိုလ်ချုပ်ရုပ်ရှင်ရဲ့ အင်မတန်မှ အရေးကြီးတဲ့ ဇာတ်ကောင်နေရာဖြစ်တဲ့ ဂဠုန်ဦးစောရဲ့နေရာမှာ သူ့ရဲ့မြစ်ကိုယ်တိုင်သရုပ်ဆောင်မှာ။ သူကိုယ်တိုင်က လာရောက်ကမ်းလှမ်းပြီးတော့ အဆိုပြုသွားတာဖြစ်တယ်။ အစ်ကိုတို့အနေနဲ့ကလည်း အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားခဲ့တယ်။ ကာယကံရှင်မိသားစုအနေနဲ့ ဒီဘက်မျိုးဆက်မှာ သူတို့အတွက်ထိခိုက်မှုရှိနိုင်မလားဆိုပြီး သူ့ကိုလည်း အကြိမ်ကြိမ်စဉ်းစားဖို့ပြောတယ်။ သို့သော် သူကိုယ်တိုင်က သူ့အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်တယ်။ ဒီနိုင်ငံကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ်ဆိုလို့ အစ်ကိုတို့လက်ခံခဲ့တာပါ” လို့ ဒါရိုက်တာလူမင်းက မီဒီယာတွေကို ပြောပါတယ်။

အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားမှ ပုံရိပ်များ

ဂဠုန်ဦးစောရဲ့ မြစ်က ဂဠုန်ဦးစောရဲ့ရုပ်ရည်နဲ့ ကာရိုက်တာအရကော အမတန်မှတူတဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ဒါရိုက်တာလူမင်းက ဆိုပါတယ်။ ဂဠုန်ဦးစောရဲ့မြစ်က ဒီကနေ့ (စက်တင်ဘာလ ၂၄ ရက်) မှာ ကျင်းပတဲ့ အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို တက်ရောက်လာခြင်းမရှိပါဘူး။



ဗိုလ်ချုပ်ရုပ်ရှင်မှာပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေထဲက တစ်ဝက်က ရုပ်ရှင်လောကသားတွေထဲကမဟုတ်ဘဲ အပြင်ကနေ ဇာတ်ကောင်နဲ့ရုပ်ဆင်တဲ့ သရုပ်ဆောင်တွေက ဖြစ်တယ်လို့ သိရပါတယ်။ အောင်ဆန်းရုပ်ရှင်ရဲ့ ပထမဆုံးစတင်ရိုက်ကူးမယ့် ဇာတ်ဝင်ခန်းကို စက်တင်ဘာလ(၃၀)ရက်နေ့မှာတော့  ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာစတင်ရိုက်ကူးမှာလည်းဖြစ်ပါတယ်။အောင်ဆန်းရုပ်ရှင်ကားကြီးကိုတော့ ၂၀၂၀ခုနှစ်မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီကနေ့ (စက်တင်ဘာလ ၂၄ ရက်) မှာ ကျင်းပတဲ့ အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်းအခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။


က္က