ဒီကနေ့အွန်းလိုင်းဆွေးနွေးပွဲမှာ အကြံပြုပြောကြားခဲ့တာပါ။

COVID-19 ကာလအတွင်းမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူတွေမှာ Mask တွေကို မဖြစ်မနေ တပ်ဆင်နေရပြီး အသက်ရှုမဝတာနဲ့ အပူဒဏ်မခံနိုင်တာတွေကြောင့် Mask တွေကို ဖန်တီးထုတ်လုပ်ဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက အကြံပြုပါတယ်။ 



ဂျပန်နိုင်ငံမှာတော့ ဇွန်လအတွင်းမှာ ရာသီဥတုပူလာမှာဖြစ်လို့ အပူခံ Mask တွေထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ကြားသိရပြီး မြန်မာနိုင်ငံမှာလည်းအတုယူပြီး လိုက်လုပ်သင့်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ အွန်းလိုင်းဆွေးနွေးပွဲမှာ အကြံပြုပြောကြားခဲ့တာပါ။ 



“ ဂျပန်မှာက အရင်ကတည်းက Mask တပ်တဲ့အလေ့အကျင့်ရှိကြပြီး အမြဲတပ်ဆင်တာမဟုတ်ပေမယ့် COVID-19 ကာလအတွင်းမှာတော့ Mask တွေကိုဆက်တိုက် ဝတ်ဆင်နေတာတွေတွေ့ရတယ်။ အဲဒီအခါမှာသူတို့ပြည်သူတွေက ပူတယ် ကြာကြာမနေနိုင်ဘူးဆိုတာတွေပြောလာကြတော့ သူတို့စက်ရုံတွေက အပူခံနိုင်တဲ့ အပြင် ပိုပြီးအသက်ရှုလို့ဝနိုင်တဲ့ Mask မျိုးထုတ်တော့မယ်သိရတယ်။ စဉ်းစားတော့ ဒီမှာလည်း အဲဒီလိုပုံကိုနမူနာယူပြီး လုပ်နိုင်ရင်ကောင်းမယ်”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ COVID ကာလအတွင်း Mask ဈေးကွက်က အဆမတန်မြင့်တက်သွားတာကြောင့် နောက်ပိုင်းမှာ Surgical Mask တွေအစား ပြန်လည်အသုံးပြုလို့ရတဲ့ Mask တွေကိုအသုံးပြုလာကြပါတယ်။

Surgical Mask ကအချိန် (၄)နာရီနဲ့ (၆)နာရီကြားသာသုံးစွဲလို့ရပြီး ပြည်သူတွေအနေနဲ့ကတော့ဝယ်ရတာဈေးကြီးမှုကြောင့် တစ်နေကုန်ကိုတစ်ခုသာတပ်ဆင်တာမျိုးတွေရှိနေကာ ရောဂါကာကွယ်ရေးအတွက် အန္တရာယ်ရှိနိုင်လို့ အဝတ် Mask တွေကပိုအဆင်ပြေတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ Fever Clinic များဖွင့်လှစ်ရေးဆောင်ရွက်သူ ဒေါက်တာမာမာကြည်က အကြံပြုပြောပါတယ်။

မြန်မာနိုင်ငံမှာ အဝတ် Mask တပ်ဆင်ဖို့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လှုံ့ဆော်မှုတွေလုပ်ခဲ့ပြီး မေလအတွင်းမှာ အဝတ် Mask ချုပ်လုပ်မှုပြိုင်ပွဲကျင်းပခဲ့သလို အစိုးရအနေနဲ့ မြို့နယ်အလိုက် Mask Camping တွေလုပ်ပြီး အခမဲ့ဝေငှမှုတွေလည်းလုပ်ဆောင်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ Surgical Mask တွေ ဈေးနှုန်းတိုးမြှင့်ရောင်းချမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သလို အဝတ် Mask ချုပ်လုပ်ရောင်းချတဲ့ စီးပွားရေးလုပ်ငန်းအချို့လည်းပေါ်ထွက်နေပြီဖြစ်ပါတယ်။







Share

Loading Next Article...
က္က