နေ့လယ်(၁)နာရီလောက်က စတင်ဖြတ်သန်းခွင့်ပြုခဲ့တာပါ။
Ei Ei Htun

လက်ရှိမှာတော့ ကျောက်မဲဘက်ခြမ်းမှာ ပိတ်မိနေတဲ့ ကားများနဲ့ နောင်ချိုဘက်မှာ ပိတ်မိနေတဲ့ကား နှစ်ဖက်ကို အစီးရေ (၇၀၀) နဲ့ (၉၀၀)ကြားမှာ ရှိနေပြီး ဟိုဘက်၊ဒီဘက်ကားတွေကို (၂)နာရီခြားတစ်ကြိမ် လွှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

photo- ဆောက်လုပ်ရေးဝန်ကြီးဌာန

သြဂုတ်လ(၁၅)ရက်နေ့က နောင်ချိုနဲ့ နောင်ပိန်းကြားတိုက်ပွဲဖြစ်ပွားမှုအတွင်း ဗုံးခွဲဖျက်ဆီးခံရတဲ့ ဂုတ်တွင်းတံတားကို ဘေလီတံတားအစားထိုးတည်ဆောက်ခဲ့ရာမှာ ဒီကနေ့ သြဂုတ်လ(၂၀)ရက်နေ့ နေ့လယ်ပိုင်းမှာတော့ တံတားတည်ဆောက်မှုပြီးစီးသွားပြီဖြစ်တဲ့အတွက် မော်တော်ယာဉ်ငယ်များကို စတင်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ ကားငယ်တွေနဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့်ပြုနေပြီ။ နေ့လယ် (၁)နာရီအချိန်လောက်စပြီး ဖြတ်သန်းခွင့်ပြုလိုက်တာ။ ကားကြီးတွေကိုတော့ အခုထိဖြတ်သန်းခွင့်တော့မပြုသေးဘူး” လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်အောင်က Duwun ကိုပြောပါတယ်။

ဂုတ်တွင်းဘေလီတံတားမှာ ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဆိုတာနဲ့ ပတ်သက်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို Duwun ကဆက်သွယ်မေးမြန်းတဲ့အခါမှာ

“ ဟုတ်ပါတယ်။ အခုကားငယ်တွေကို စတင်ဖြတ်သန်းမောင်နှင်ခွင့်ပြုနေပြီ။ ကားငယ်တွေတောင်ဖြတ်သန်းခွင့်ပြုထားပြီဆိုတော့ မကြာခင်မှာလည်း ကားကြီးတွေသွားလာလို့ရတော့မှာပါ” လို့ သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးကပြောပါတယ်။

photo- ဆောက်လုပ်ရေးဝန်ကြီးဌာန

ဂုတ်တွင်း ယာယီဘေလီတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သြဂုတ်လ(၁၇)ရက်နေ့က အစားထိုးပြန်လည်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ ယာဉ်များကို ဖြတ်သန်းသွားလာခွင့်ပြုနေပါပြီ။အစားထိုးဘေလီနှစ်လမ်းသွားတံတားဟာ အရှည် ပေ(၂၁၀)ရှည်ပြီး ဟိုဘက်၊ဒီဘက်ကားတွေကို (၂)နာရီခြားတစ်ကြိမ် လွှတ်မှာ ဖြစ်ပါတယ်။ ဘေလီတံတားဖြစ်တာကြောင့် တံတားက အလယ်ဒေါက်တိုင်မပါတဲ့အတွက်တံတားခံနိုင်ဝန်ကိုတော့ စမ်းသပ်မောင်းနှင်ပြီးမှ သေချာသိရမှာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်အောင်က ပြောပါတယ်။ လက်ရှိမှာတော့ ကျောက်မဲဘက်ခြမ်းမှာ ပိတ်မိနေတဲ့ ကားများနဲ့ နောင်ချိုဘက်မှာ ပိတ်မိနေတဲ့ကား နှစ်ဖက်ကို အစီးရေ (၇၀၀) နဲ့ (၉၀၀)ကြားမှာ ရှိနေပြီး တိုက်ပွဲနဲ့ဆိုတော့ တက်လာတဲ့ကားတွေနည်းပြီး အဆင်းကားတွေများနေတယ်လို့ သိရပါတယ်။ နေ့လယ် (၂း၂၀)မိနစ်အချိန်မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တံတား ကြံ့ခိုင်မှုအတွက်ဘေလီသံဘောင် ချုပ်တန်းများ နှင့် အထိုင်များ ပြန်လည် စစ်ဆေးရန်တံတားကို ခတ္တပြန်ပိတ်ထားမှာဖြစ်ပြီး တံတား ကြံ့ခိုင်မှု စစ်ဆေးဆောင်ရွက်ပြီးမှ ယနေ့ ညနေပိုင်းမှာ မော်တော်ယာဉ်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။


က္က