စမ်းသပ်မောင်းနှင်တဲ့ပေါ်မူတည်ပြီး ယာဉ်တွေကို သွားလာခွင့်ပြုမယ်
Mi Thawdar Aung

သြဂုတ်လ ၁၅ ရက်က နောင်ချိုနဲ့ နောင်ပိန်းကြားတိုက်ပွဲဖြစ်ပွားမှု အတွင်း မိုင်းခွဲဖျက်ဆီးခံရတဲ့ ဂုတ်တွင်းတံတား ပြန်လည်ပြင်ဆင်မှု ပြီးစီးသွားပြီး သြဂုတ်လ ၂၀ ရက်မှာ ယာဉ်တွေ စမ်းသပ်မောင်းနှင်မယ်လို့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသူရဟန်ထွန်းအောင်က Duwun ကို ပြောပါတယ်။

(ဂုတ်တွင်းတံတား ပြုပြင်ပြီးစီးမှု အခြေအနေ) Photo -Ministry of Construction

“ ကြမ်းခင်းတွေ ပြန်ခင်းနေပြီ။ မနက်ဖြန်လောက်ဆို ကားတွေစမ်းသပ်မောင်းကြည့်မယ်။ စမ်းသပ်မောင်းတဲ့အပေါ်မူတည်ပြီးတော့ ပုဂ္ဂိလက ယာဉ်တွေကို သွားလာခွင့်ပြုမယ်” လို့ ဦးသူရဟန်ထွန်းအောင်က ဆိုပါတယ်။

မန္တလေး-နောင်ချို-လားရှိုးလမ်းဖြစ်တဲ့ ဂုတ်တွင်းတံတားကို  (၃) လွှာတစ်ထပ် အရှည် (၂၁၀) ပေ နှစ်လမ်းသွား ဘေလီသံတံတားအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီး (၄) ရက်အတွင်း အပြီးတည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

(ဂုတ်တွင်းတံတား ပြုပြင်ပြီးစီးမှု အခြေအနေ) Photo -Ministry of Construction

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန္တလေး-မူဆယ်လမ်းမကြီး ကွတ်ခိုင်မြို့ မရောက်ခင်မှာ တံတား (၂) စင်းလည်း ဖျက်ဆီးခံထားရတာကြောင့် နောင်ချို၊ လားရှိုး၊မူဆယ်ဘက်ကို သွားလာလို့ မရသေးဘူး ဖြစ်နေပြီး အဆိုပါ လမ်းတွေ ပြန်ဖွင့်ဖို့ ဂုတ်တွင်းတံတားအပါအဝင် ဖျက်ဆီးခံရတဲ့ တံတားအားလုံးကို ပြုပြင်ရအုံးမယ်လို့ ဆိုပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ အခြေအနေရှိ၊ မရှိဆိုတာကတော့ ပြောရခက်နေသေးတယ်လို့ ဦးသူရဟန်ထွန်းအောင်က ဆိုပါတယ်။

သြဂုတ်လ ၁၅ ရက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနေရာအချို့မှာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လမ်းအချိုု့ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ကားလမ်း၊ ရထားလမ်း အချို့ ယာယီ ပိတ်ထားခဲ့ရပါတယ်။


က္က