ရာသီတုပ်ကွေး H1N1 ကြောင့် တစ်နိုင်ငံလုံးသေဆုံးသူ(၈၁)ဦးအနက် ရန်ကုန်တိုင်းဒေသကြီးမှ (၆၂)ဦးအထိ ပါဝင်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
photo-Myanmar CDC
ရာသီတုပ်ကွေး H1N1 ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူဦးရေဟာ တစ်ရက်ထက်တစ်ရက် မြင့်တက်နေပါတယ်။ တစ်ရက်ကို(၁) ယောက်နှုန်းသေဆုံးနေပြီး ယခု ဇူလိုင်လ(၃၀)ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူ(၈၁)ဦးရှိနေပါပြီ။ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးဟာ မေလလောက်က စတင်ဖြစ်ပွားခဲ့ပြီး နေ့အလိုက် ဖြစ်ပွားတဲ့သူဦးရေ၊ သေဆုံးတဲ့သူဦးရေတွေကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ဇူလိုင်လ(၃၀)ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေး H1N1 ဖြစ်ပွားသူ သံသယရှိသူ ဓာတ်ခွဲစစ်ဆေးဦးရေ (၁၀၀၃) ဦးရှိပြီး ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူက (၄၂၁)ဦးရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ သေဆုံးသူအရေအတွက် (၈၁)ဦးထိရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၆၂)ဦးအထိ ပါဝင်နေတာ တွေ့ရပါတယ်။ ရာသီတုပ်ကွေးကြောင့်သေဆုံးတဲ့သူတွေဟာ အသက်(၅)နှစ်အောက်ကလေးအရွယ်တွေပ ါဝင်နေသလို၊ နာတာရှည်ရောဂါအခံရှိပြီး ကိုယ်ခံအားနည်းတဲ့လူနာတွေ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
photo- နာရေးကူညီမှုအသင်း(ရန်ကုန်)
ရာသီတုပ်ကွေးရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က အသိပညာပေးလုပ်ငန်းတွေ၊ ရောဂါကာကွယ်ရေး အစီအစဉ်တွေ ဆောင်ရွက်နေပေမယ့်လည်း သေဆုံးမှုကတော့ ရှိနေဆဲဖြစ်ပါတယ်။