ဇွန်လ ၂၃ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးရှိခဲ့ပါတယ်။
Mi Thawdar Aung

H1N1 ရောဂါပိုးကြောင့် ရန်ကုန်မှာ လူတစ်ဦးထပ်မံသေဆုံးပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူ ၇ ဦးရှိလာခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက Duwun ကိုပြောပါတယ်။

Photo FFSS (H1N1 ကြောင့် သေဆုံးသူလူနာအချို့ကို ရေဝေးသုဿန်ပို့ဆောင်စဉ်)

" ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူနာတစ်ဦး ထပ်မံသေဆုံးပါတယ်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပါ” လို့ ဒေါက်တာ ဖြူဖြူအေးက ဆိုပါတယ်။

ဇွန်လ ၂၃ ရက်အထိ တစ်နိုင်ငံလုံးမှာ H1N1 ရောဂါပိုးသံသယရှိလူနာ ၇၂ ဦးရှိခဲ့တဲ့အနက်  ဓာတ်ခွဲစမ်းသပ်ချက်အရ ရောဂါ ဖြစ်ပွားသူ လူနာ ၁၉ ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ သိရပါတယ်။

Photo FFSS (H1N1 ကြောင့် သေဆုံးသူလူနာအချို့ကို ရေဝေးသုဿန်ပို့ဆောင်စဉ်)

လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးတဲ့အစီအစဉ်တွေ ပြုလုပ်သွားတော့မှာဖြစ်သလို ပြည်သူ့ဆေးရုံတွေမှာ ကုသရေးလုပ်ငန်းတွေကိုလည်း တိုးချဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

“ စမ်းသပ်စစ်ဆေးချက်အရ အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး။ ပြည်သူတွေက တိကျမှန်ကန်တဲ့သတင်းတွေကို သိနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပေးသွားမှာပါ။ ဒါ့အပြင် ဒီရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ ဒီတစ်ရက်နှစ်ရက်အတွင်း ဆောင်ရွက်သွားတော့မှာပါ” လို့ ဒေါက်တာ ဖြူဖြူအေးက ဆက်လက်ပြောပါတယ်။

လက်ရှိသေဆုံးသူတွေမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ၆ ဦးနဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ၁ ဦး ဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူတွေဟာ အများအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးသူငယ်တွေ၊ မီးဖွားပြီးစ မိခင်၊ နာတာရှည်ရောဂါ အစရှိတဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

H1N1 ရောဂါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၈ ဦးအထိရှိခဲ့ရာ ကပ်ရောဂါအသွင်ဖြစ်ပွားခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ဘဲ အခု ၂၀၁၉ ခုနှစ်မှာတော့ ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်း ပြန်လည် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။


Author


က္က