ရန်ကုန်တိုင်း ၅ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၁ ဦးဖြစ်ပါတယ်။
Mi Thawdar Aung

H1N1 ရောဂါကြောင့် ဇွန်လ ၂၀ ရက်အထိ  တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၆ ဦးရှိခဲ့ရာ ရန်ကုန်တိုင်းမှာ ၅ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၁ ဦးဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


Photo - FFSS (ရန်ကုန်မှာ H1N1 ကြောင့် သေဆုံးသူ ကို သယ်ဆောင်လာစဉ်)

ဇွန်လ ၂၀ ရက်က ရန်ကုန်တိုင်းမှာ အမျိုးသမီးတစ်ဦး H1N1 ကြောင့် ထပ်မံသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမုံရွာမှာ ၆ လသားကလေးငယ်တစ်ဦးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသူတွေဟာ အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ စတဲ့နာတာရှည်ရောဂါအခံရှိသူတွေလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက် ကနေ ဇွန်လ ၂၀ ရက် အထိ သံသယရှိလူနာ (၄၈) ဦးရှိခဲ့တဲ့အနက် (၁၆) ဦးမှာ Influenza A H1N1 ပိုးကိုတွေ့ရှိခဲ့ပြီး ၆ ဦးသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အခုကာလဟာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ကာလမို့လို့ အဆန်းတကြယ်မဟုတ်ဘဲ H1N1 ရောဂါကို ပြည်သူတွေအထိတ်တလန့်ဖြစ်စရာမလိုဘူး ရန်ကုန်ုတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဇွန်လ ၁၉ ရက်မှာ ပြုလုပ်တဲ့ အရေးပေါ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ ဒီကိစ္စက ထိတ်လန့်စရာ အကြောင်းမရှိဘူး။ ပြည်သူတွေ Mask တွေ၊ နှာခေါင်းစည်းတွေ တပ်ပြီးတော့  လုပ်ဖို့ မလိုအပ်ပါဘူး။ မလိုအပ်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံပါတယ်။ H1N1 ပိုးက ခြောက်ပေကို ကျော်ပြီး မကူးနိုင်ဘူး။ ရောဂါရှိသူနဲ့ တစ်လံအကွာမှာနေရင် ပြဿနာမရှိဘူး။  ပိုးက တည့်တည့်ကို သွားလို့ ပိုးရှိသူနဲ့ ဘေးစောင်းပြီးနေရင် ကူးစရာ အကြောင်းမရှိဘူး” လို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။

ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေအနေနဲ့ ချောင်းဆိုး၊နှာချေမယ်ဆိုရင် ပါးစပ်ကို လက်နဲ့ ပိတ်ဖို့၊

အိပ်ရေး၀၀အိပ်ဖို့၊ ရေများများသောက်ဖို့နဲ့ လူထူထပ်တဲ့နေရာတွေကိုရှောင်ရှားဖို့ ဆိုပြီး ဒေါက်တာထွန်းမြင့်က ပြောကြားထားပါတယ်။

H1N1 ရောဂါဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က တစ်နိုင်ငံလုံးမှာ ဖြစ်ပွားသူ ၄၀၆ ဦးရှိခဲ့ပြီး သေဆုံးသူ ၃၈ ဦး အထိရှိခဲ့ရာ ပြည်သူလူထုအကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။



Author


က္က