သေဆုံးသူ (၁၀၂)ဦးရှိပါပြီ။
Ei Ei Htun

၂၀၁၉ခုနှစ် မိုးရာသီကာလမှာတော့ ရာသီတုပ်ကွေးH1N1ရောဂါဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြစ်ပွားမှုများပြားလာသလို သေဆုံးမှုတွေကလည်း ယခင်နှစ်တွေကထက် များပြားလျှက်ရှိနေပါတယ်။ 

photo-ပြည်သူ့ကျန်းမာရေးဦးစီးဌာန

ရာသီတုပ်ကွေး H1N1 ကြောင့် တစ်နိုင်ငံလုံးအနေနဲ့ သေဆုံးသူ (၁၀၂)ဦးရှိနေပြီဖြစ်ကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ သြဂုတ်လ(၂၃)ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ သြဂုတ်လ (၂၃)ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ သေဆုံးသူ (၁၀၂)ဦးရှိခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း သေဆုံးမှုအများဆုံး ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၂၆၄)ဦးရှိပြီးသေဆုံးသူ (၆၆)ဦးရှိနေပါပြီ။ ဒုတိယအများစုကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူ (၅၅)ဦး ရှိပြီး သေဆုံးသူ (၁၃)ဦးရှိနေပါတယ်။ တစ်နိုင်ငံလုံးမှာတော့ ဖြစ်ပွားသူ (၅၈၀)ဦးထိရှိကြောင်းကိုလည်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

photo- နာရေးကူညီမှုအသင်း(ရန်ကုန်)

မြန်မာနိုင်ငံအတွင်း ရာသီတုပ်ကွေး H1N1ရောဂါဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ဖြစ်ပွားမှုနှုန်းလျော့နည်းခဲ့ပေမယ့် ယခု ၂၀၁၉ခုနှစ်မှာတော့ ဖြစ်ပွားသူဦးရေကာ၊ သေဆုံးသူဦးရေ အရေအတွက်ပါ မြင့်တက်လျှက်ရှိပါတယ်။ ရာသီတုပ်ကွေး H1N1ရောဂါ ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်တစ်မျိုးဖြစ်ပြီး ရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုမိုထိရောက်စွာ ကူးစက်ရောက်ရှိနိုင်တဲ့ရောဂါတစ်မျိုးပါ။ ဒီရောဂါကိုတော့ ခုခံအားနည်းပါးတဲ့ နာတာရှည်ရောဂါခံစားနေရတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာ အဖြစ်များပြီး သေဆုံးလျှက်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်းအသိပေးထုတ်ပြန်ထားပါတယ်။ ရာသီတုပ်ကွေးနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က အသိပညာပေးလုပ်ငန်းတွေ၊ ရောဂါကာကွယ်ရေးအစီအစဉ်တွေ ဆောင်ရွက်နေပေမယ့်လည်း သေဆုံးမှုကတော့ရှိနေဆဲဖြစ်ပါတယ်။


က္က