နှစ်သောင်းကနေ တစ်သိန်းအထက်အထိ ချီးမြှင့်မှာပါ။
Mi Thawdar Aung

ဖုန်းဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းရောင်းချတဲ့ ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဖို့ အရောင်းဆိုင်တွေက ပျက်ကွက်နေရင် သတင်းပေးတိုင်ကြားနိုင်ပြီး ဆုကြေးငွေ ထုတ်ယူနိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ ဇွန်လ ၁၄ ရက်ကသတင်းထုတ်ပြန်ပါတယ်။

ကမာရွတ်မြို့နယ်ရှိ ဖုန်းအရောင်းစင်တာတစ်ခုကို တွေ့ရစဉ်။

မည်သည့် အခွန်ရုံးမှာ မဆိုတိုင်ကြားနိုင်ပြီး ပြေစာပေါ်မှာ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ဖို့ ပျက်ကွက်တဲ့ ပြေစာမူရင်း၊ အထောက်အထားတွေနဲ့ အတူ ဆုကြေးငွေထုတ်ယူနိုင်ရန်တိုင်ကြားသူရဲ့ မှတ်ပုံတင်မိတ္တူတို့ကို ယူဆောင်လာရမယ်ဆိုပြီး ညွှန်ကြားချက်ထုတ်ပြန်ထားတာပါ။

တိုင်ကြားသူကို ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ပေးထားမှာဖြစ်ပြီး ချီးမြှင့်တဲ့ ဆုကြေးငွေမှာ ပျက်ကွက်သည့် အခွန်နဲ့ အကြိမ်အရေအတွက်ပေါ်မူတည်ပြီး အနည်းဆုံး ၂ သောင်းက ၁ သိန်းနဲ့ အထက် ရရှိနိုင်မယ်လို့ ကြေညာထားပါတယ်။

ဇွန်လ ၁ ရက်နေ့ကစတင်ကာ ဖုန်းဟန်းဆက်နဲ့ ဆက်စပ်ပစ္စည်းဝယ်ယူရင် အခွန်ကောက်ခံမှုတွေ ပြုလုပ်နေပြီး ဝယ်ယူသူတွေအနေနဲ့ တံဆိပ်ကပ်နှိပ်ထားရင် ပြေစာတွေ တောင်းယူကြဖို့ကိုလည်း အခွန်များဦးစီးဌာနက ညွှန်ကြားထားပါတယ်။

ပြည်သူတွေက မိမိဝယ်ယူတဲ့ ပစ္စည်းတန်းဖိုးရဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အခွန်ပေးသွင်းရတာဖြစ်ပြီး နိုင်ငံတော်ကို ပေးဆောင်ထိုက်တဲ့ အခွန်တွေ အပြည့်အဝကောက်ခံရရှိစေရေးအတွက် ဥပဒေနဲ့ အညီ လိုက်နာဆောင်ရွက်ပေးကြတဲ့ လုပ်ငန်းရှင်ကြီးနဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းလည်း ပြည်တွင်းအခွန်များဦးစီးဌာနကနေ ပြောကြားထားပါတယ်။

အခွန်ကောက်ခံခြင်းနဲ့ ပတ်သက်ပြီး မရှင်းလင်းပါက အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး အပါအဝင် သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှုရုံး၊ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အစရှိတဲ့ မြို့ကြီးတွေက အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံးတွေမှာ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က