ပဲခူးမှာဖြစ်ပွားခဲ့တာပါ။

ခရီးသွားရင်း ကလေးကို ပုဆိုးနဲ့ထုတ်ကာကျောပိုးသွားရာကနေ အသက်ရှုကြပ်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်အရသိရပါတယ်။

ပဲခူးမြို့ ဆည်မြောင်းလမ်းမှာနေထိုင်ပြီး ကျပန်းအလုပ်လုပ်ကိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ ဝေါမြို့နယ်မှာနေထိုင်တဲ့ ဦးလေးဖြစ်သူထံအလည်သွားစဉ် လမ်းမှာသေဆုံးခဲ့တဲ့ လသားကလေးငယ်ကို အိမ်ကိုပြန်သယ်မလာဘဲ လမ်းရဲ့ချူံပုတ်ထဲမှာ စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့မရဲစခန်းမှသိရပါတယ်။ လက်ရှိမှာတော့ ကလေးရဲ့အလောင်းကို စွန့်ပစ်ခဲ့တဲ့ မိဘနှစ်ပါးကို စခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

“ သူတို့က သွားတုန်းက မိသားစုလေးယောက်သွားတာ၊ တခြားကလေးတစ်ယောက်လည်းပါသေးတယ်။ ခရီးကပြန်လာတော့ ကလေးအငယ်လေးကပါမလာဘူး။သုံးယောက်တည်းပြန်လာကြတော့ ပတ်ဝန်းကျင်ကလူတေကလည်း သံသယတော့ရှိနေတာ။ သူတို့ကလေးကိုစွန့်ပစ်ခဲ့တဲ့လမ်းက သူတို့ဆီကလူတွေအမြဲသွားလာနေကြလမ်းဆိုတော့ အောက်တိုဘာလ(၁၅)ရက်နေ့က သူတို့ဆီကလူတွေကပဲ သွားလာရင်းနဲ့ လမ်းဘေးမှာ ကလေးကိုစွန့်ပစ်ထားတာကိုတွေ့တော့မှ စခန်းကိုအကြောင်းကြားလို့ ကျွန်တော်တို့အခု မိဘနှစ်ပါးကို စစ်ဆေးမှုတွေပြုလုပ်နေတယ်” လို့ ပဲခူးမြို့အမှတ်(၂)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲထွဋ်ကိုက Duwun ကိုပြောပါတယ်။

 ကလေးကို စွန့်ပစ်ခဲ့တဲ့ မိဘနှစ်ပါးလုံးကအသက်(၂၀) ဝန်းကျင်တွေဖြစ်ပြီး စွန့်ပစ်ခံရတဲ့ ကလေးက အသက် (၁)လနဲ့(၈)ရက်သာရှိသေးတယ်လို့သိရပါတယ်။ ကလေးကိုခရီးသွားရင် ပုဆိုးနဲ့ထုတ်ကာကျောပိုးသွားရာကနေ အသက်ရှုကြပ်ပြီး သေဆုံးသွားလို့ အခုလိုစွန့်ပစ်ခဲ့တာဖြစ်တယ်လို့လည်း စစ်ဆေးချက်အရသိရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ကလေးမိဘနှစ်ပါးလုံးကို ချုပ်ရက်ရမန်ယူထားကာ စစ်ဆေးမှုတွေဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ရဲအုပ်ရဲထွဋ်ကိုကပြောပါတယ်။ 



က္က