ထောင်ထဲမှာ အရက်ကြောင် ကြောင်ပြီး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။
Minn Nandar

သေဆုံးသူအောင်သပြေရွာသားဟာ အရက်ကြောင် ကြောင်နေလို့ ဇွန်(၄)ရက်နေ့ နေ့လယ်ကထောင်ဆးရုံမှာဆေးကုသမှုပေးခဲ့ပြီး ဒီကနေ့ ဇွန်လ(၅)ရက်နေ့ မနက်မှာ သေဆုံးခဲ့တာပါ။

မေလ(၁၅)ရက်နေ့ကအောင်သပြေရွာသားများဆန္ဒပြအပြီး ရဲတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးနေစဉ်

ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံစီမံကိန်းအားကန့်ကွက်ဆန္ဒပြရင်း ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် မန္တလေးအိုးဘိုထောင်အတွင်းဖမ်းဆီးခံထားရတဲ့ အောင်သပြေကျေးရွာဒေသခံတစ်ဦးဟာ ဒီကနေ့မနက်ပိုင်းက ထောင်အတွင်းသေဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။

အရက်ကြောင်ဝေဒနာနဲ့ထောင်ဆေးရုံမှာသေဆုံးခဲ့တာလို့သိရပြီး ထောင်အာဏာပိုင်တွေဘက်ကလည်း ဒီသေဆုံးမှုဖြစ်စဉ်အပေါ် ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ အရက် ကြောင်ရောဂါခံစားရင်းသေဆုံးခဲ့တာလို့မှတ်ချက်ပြုထားပါတယ်။

ဒီဖြစ်စဉ်အပေါ် နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ အောင်မြေသာစံမြို့နယ်အမှတ်(၂)နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၆/၂၀၁၉ နဲ့ရေးဖွင့်စစ်ဆေးထားပြီး သေဆုံးသူရဲ့အလောင်းအား မနက်ဖြန်မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရင်ခွဲရုံမှာ ခွဲစိတ်စစ်ဆေးမှုတွေပြုလုပ်သွားဖို့ရှိတယ်လို့ ရဲစခန်းတာဝန်ရှိသူတစ်ဦးက Duwun ကို ဇွန်လ(၅)ရက်နေ့မှာ ပြောပါတယ်။

မေလ(၁၅)ရက်နေ့က အောင်သပြေရွာသားများဆန္ဒပြနေစဉ်

ပြီးခဲ့တဲ့လ (၁၅) ရက်နေ့မနက်ပိုင်းက မန္တလေး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံစီမံကိန်းဝင်းအတွင်းဖြစ်ပွားခဲ့တဲ့ ကားတွေနဲ့ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး အောင်သပြေကျေးရွာသားတွေကို နယ်မြေအပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်တာတွေဆက်တိုက်ပြုလုပ်ခဲ့တာပါ။

အခုသေဆုံးသွားခဲ့တဲ့ကျေးရွာဒေသခံဆိုသူဟာ ပုသိမ်ကြီးမြို့နယ်ရဲစခန်းက (ပ)၂၅၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့နဲ့လက်ခံချုပ်နှောင်ထားတဲ့ အချုပ်သားထွန်းမြင့်ဝင်း(ခ)ကိုထွန်း(အသက် ၃၈ နှစ်) ဖြစ်တယ်လို့သိရပြီး ၎င်းဟာ အရက်ကြောင်နေလို့ မနေ့ကနေ့လယ် (၃) နာရီအချိန်ခန့်က ထောင်ဆေးရုံမှာဆေးကုသမှု ပေးခဲ့ကြောင်း၊ ဒီကနေ့ ဇွန်လ(၅)ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်မှာသေဆုံးခဲ့တာဖြစ်ကြောင်း၊ ၎င်းအား အောင်မြေသာစံမြို့နယ်တွဲဘက်မြို့နယ်တရားသူကြီး(၂)ဒေါ်ခင်မျိုးသင်းရဲ့ကြီးကြပ်မှုနဲ့ စစ်ဆေးခဲ့တာမှာ ပြင်ပဒဏ်ရာမတွေ့ရလို့သေဆုံးရတဲ့အကြောင်းရင်းအား ဆက်လက်စစ်ဆေးနိုင်ဖို့ နယ်မြေအပိုင်ရဲစခန်းတာဝန်ရှိသူဆီတိုင်ကြားခဲ့တာဖြစ်ကြောင်း သိရပါ တယ်။


Author


က္က