စီးပွားဖြစ်လျှောက်ထားသူတွေများနေပါတယ်။
Ei Ei Htun

လာရောက်လျှောက်ထားသူ လျှောက်လွှာ သောင်းနဲ့ချီထဲကမှ လူ(၅၀၀)ရွေးမှာ ဖြစ်ပြီး လျှောက်တဲ့သူတွေကလည်း စီးပွားဖြစ်များနေတာကြောင့် မြေယာတကယ်လိုအပ်တဲ့သူတွေအနေနဲ့ ရွေးတဲ့လူ(၅၀၀)ထဲမှာပါဖို့ မျှော်လင့်နေကြပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း(၆၀)တန် တန်ဖိုးနည်းမြေကွက်တွေဝယ်ယူနိုင်ဖို့အတွက် လျှောက်လွှာများကိုအောက်တိုဘာလ(၇)ရက်နေ့ကစတင်ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံးမှာ ရောင်းချပေးနေပါတယ်။ ပထမအဆင့်အနေနဲ့ မြေကွက်(၅၀၀)ကျော်ကိုရောင်းချပေးမှာဖြစ်ပြီး လာရောက်လျှောက်ထားတဲ့သူတွေအနေနဲ့က သောင်းနဲချီရှိကာ စီးပွားရေးလျှောက်ထားမှုတွေလည်းရှိတာကြောင့် တကယ်လိုအပ်တဲ့သူတွေက မြေကွက်မရမှာကိုစိုးရိမ်နေကြပါတယ်။

“ မနက်အစောကြီးကတည်းက လာစောင့်နေတာ။ သူတို့ကြေညာထားတာက (၅၀၀)လို့တော့ပြောတယ်။ အန်တီတို့ကြားတာပေါ့နော် ။အခုဒီပုံတိုင်းဆို လူက သောင်းချီနိုင်တယ်၊ လူတန်းကြီးမှအရှည်ကြီးပဲ။ အဲဒီထဲမှာမှ တကယ်မရှိတဲ့သူတွေရဖို့ အန်တီကဆုတောင်းတယ်။ အန်တီတို့လည်းတကယ်မရှိပါဘူး။ ငွေကြေးတက်နိုင်လို့ ရပြီးတဲ့သူတွေက ရပြီးရင်းရနေရင် မရသေးတဲ့သူတွေက အရမ်းနစ်နာပါတယ်။ အခုဆိုအန်တီလူ (၄) (၅)ယောက်လောက်ကိုလိုက်မေးတယ်။ တစ်ချို့က ကျွန်မတို့ကအိမ်ရှိပြီးသား၊ မရလည်းဘာမှမဖြစ်ဘူးဆိုပြီးပြောကြတယ်။ စီးပွားရေးသမားတွေရှိတာပေါ့။ အန်တီကတော့ အခုထိအိမ်ငှားနေနေရတာပါ “လို့ မြေကွက်လျှောက်ထားသူ သင်္ဃန်းကျွန်းမှ ဒေါ်ခင်စန်းရီက Duwun ကိုပြောပါတယ်။

တန်ဖိုးနည်းမြေကွက် သိန်း(၆၀)တန်မြေကွက်လျှောက်ထားမှုလျှောက်လွှာတွေကို အောက်တိုဘာလ(၇)ရက်နေ့ကနေ စကတင်ဘာလ(၇)ရက်နေ့ တစ်လတိတိလျှောက်လွှာတွေကိုထုတ်ပေးသွားမှာပါ။ လျှောက်လွှာထုတ်ပေးတဲ့ ဒုတိယနေ့မှာ လည်း မြေကွက်လျှောက်ထားသူ ပြည်သူတစ်ဦးမှသူရဲ့အမြင်ကိုအခုလိုပြောပါတယ်။

“ အခုလာတဲ့သူတွေက ပိုက်ဆံရှိ၊ကားရှိတဲ့သူတွေကြည့်လာတာကိုပဲ ကျွန်တော်မြင်တယ်။ မရှိဆင်းရဲသားကဘေးကပ်နေရတာ။ အခုလိုတန်ဖိုးနည်းနည်းနဲ့ရောင်းချပေးတဲ့ မြေကွက်တွေကို မရှိဆင်းရဲသားတွေရရင်တော့ ပိုကောင်းတာပေါ့ဗျာ “ဆိုပြီး တောင်ဥက္ကလာ(၄)ရပ်ကွက်မှ ကိုသန်းဇော်မိုးက Duwun ကိုပြောပါတယ်။



“ ပထမအဆင့်အနေနဲ့ရောင်းချဖို့ မြေကွက်ပေါင်း (၅၀၀) ကျော်လောက်ရွေးချယ်ထားတယ်။လျှောက်လွှာ လျှောက်တဲ့ သူတွေထဲမှာ မြေကွက်တစ်ကွက်ထဲကိုပဲ နှစ်ယောက်သုံးယောက်အပြိုင်လျှောက်ထာားတာတွေလည်းရှိချင်ရှိမယ်။ကျွန်တော်တို့က သူတို့တင်ပြလာတဲ့ လျှောက်လွှာတွေပေါ်မှာ စိစစ်ပါအုံးမယ်။သေချာစိစစ်ပြီးမှ အမှန်တကယ်လိုအပ်တဲ့ သူတွေကိုရောင်းချပေးမှာ ဖြစ်တယ်” လို့ ရန်ကုန်မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

မြေကွက်ရရှိတဲ့သူတွေအနေနဲ့ကတော့ လျှောက်လွှာရပြီး (၁)လအတွင်းမှာရရှိမှာဖြစ်ပြီး သိန်း(၆၀)ကို တစ်လ(၁၀)သိန်းနဲ့ (၆)လအတွင်းငွေအကြေပေးရမှာဖြစ်တယ်လို့လည်း လျှောက်ထားသူတွေထံမှသိရပါတယ်။ မြေကွက်တွေက ဒဂုံ(၄) မြို့နယ်၊ ရွှေပြည်သာနဲ့ လှိုင်သာယာဘက်တွေဖြစ်ပြီး လျှောက်လွှာတစ်သောင်းကျော်ထဲမှ လူ(၅၀၀)ထဲမှာ ပါဖို့ခဲယဉ်းပေမယ့် ဒီလူ(၅၀၀)ထဲမှာပါချင်တယ်လို့ မြေယာတကယ်လိုအပ်တဲ့ ပြည်သူတွေထံမှကြားသိခဲ့ရပါတယ်။


က္က