မြေကွက်ဝယ်ယူနိုင်ရန်လျှောက်လွှာတွေကိုတော့ရောင်းချပေးနေပါပြီ။
Ei Ei Htun

ယခင်က မြို့ပြစီမံကိန်းမြေအဖြစ်သတ်မှတ်ထားပြီး ယနေ့အချိန်အထိ မြို့ပြလူနေအိမ်များအဖြစ် အကောင်အထည်မဖော်နိုင်သေးတဲ့ မြေနေရာတွေမှာ ပေ(၄၀×၆၀) မြေတစ်ကွက်ကို သိန်း(၆၀)နဲ့ရောင်းချပေးမှာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း(၆၀)တန် တန်ဖိုးနည်းမြေကွက်တွေဝယ်ယူနိုင်ဖို့အတွက် လျှောက်လွှာများကို ဒီကနေ့ အောက်တိုဘာ(၇)ရက်နေ့ကစတင်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်စုပေါင်းရုံးမှာ ရောင်းချပေးနေပါတယ်။ လျှောက်လွှာဝယ်ယူကြတဲ့အခါမှာ သတ်မှတ်မြေကွက်ထက်လျှောက်ထားမှုတွေက များတာကြောင့် ရောင်းချသင့်တဲ့သူတွေကို သေချာစိစစ်ပြီးမှ ရောင်းချပေးမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူးဦးသန်းက မီဒီယာတွေကိုပြောပါတယ်။

“ ပထမအဆင့်အနေနဲ့ရောင်းချဖို့ မြေကွက်ပေါင်း (၅၀၀) ကျော်လောက်ရွေးချယ်ထားတယ်။လျှောက်လွှာ လျှောက်တဲ့ သူတွေထဲမှာ မြေကွက်တစ်ကွက်ထဲကိုပဲ နှစ်ယောက်သုံးယောက်အပြိုင်လျှောက်ထာားတာတွေလည်းရှိတယ်။ကျွန်တော်တို့က သူတို့တင်ပြလာတဲ့ လျှောက်လွှာတွေပေါ်မှာ စိစစ်ပါအုံးမယ်။သေချာစိစစ်ပြီးမှ အမှန်တကယ်လိုအပ်တဲ့ သူတွေကိုရောင်းချပေးမှာ ဖြစ်တယ်” လို့ ဦးသန်းကပြောပါတယ်။

နေထိုင်ဖို့မဟုတ်ပဲ စီးပွားရေးလုပ်ငန်းလုပ်ဖို့ လျှောက်တဲ့ လျှောက်လွှာတွေမှာလည်း သူတို့ရဲ့ငွေကြေးရင်းနှီးမြုပ်နှံမှု အခြေအနေ၊ ဆောင်ရွက်မယ့် Project တွေကို ကြည့်ပြီးမှ ရောင်းချပေးမှာဖြစ်တယ်လို့ ဦးသန်းကပြောပါတယ်။

ယခုရောင်းချမယ့် မြေကွက်တွေဟာ ပေ(၄၀×၆၀) မြေတစ်ကွက်ကို သိန်း(၆၀)နဲ့ရောင်းချပေးမှာဖြစ်ပြီး ဒီမြေတွေဟာ မြေကွက်အသစ်တွေကိုဖော်ထုတ်ပြီး ရောင်းတာမဟုတ်ပါဘူး။ ယခင်က မြို့ပြစီမံကိန်းမြေအဖြစ်သတ်မှတ်ထားပြီး ယနေ့အချိန်အထိ မြို့ပြလူနေအိမ်များအဖြစ် အကောင်အထည်မဖော်နိုင်သေးတဲ့ မြေနေရာတွေကိုရောင်းချတာဖြစ်ပါတယ်လို့သိရပါတယ်။


က္က