ဆီမီးကပ်လှူပူဇော်ပွဲနဲ့ ပွဲဈေးတန်းတွေကို စုစည်းတင်ဆက်ထားပါတယ်။
Mi Thawdar Aung

သီတင်းကျွတ်ပွဲတော်ကာလမှာ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း ဆီမီးပူဇော်ပွဲမှာ ပါဝင်ကုသိုလ်ယူလိုကြတဲ့ Duwun ပရိတ်သတ်တွေအတွက် မန္တလေးမြို့က ဆီမီးပူဇော်ပွဲ (၈) ခုအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

(၁ မန္တလေးတောင်ရင်ပြင်တော် ဆီမီးတစ်သောင်းပူဇော်ပွဲ

အောင်မြေသာစံမြို့နယ် မန္တလေးတောင်ရင်ပြင်တော်မှာ အောက်တိုဘာ (၁၃) ရက် လပြည့်နေ့ညနေ ၆ နာရီကနေ ည ၉ နာရီအထိ ဆီမီးတစ်သောင်းပူဇော်မှာဖြစ်သလို စတုဒီသာတွေကျွေးမွေးတဲ့အစီအစဉ်များ ပါဝင်မှာဖြစ်ပါတယ်။ မန္တလေးတောင်ရင်ပြင်တော်ဆီမီးပူဇော်ပွဲကိုတော့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးရတစ်ဖွဲ့လုံး နှစ်စဉ်နှစ်တိုင်း တက်ရောက်ပူဇော်လေ့ရှိပါတယ်။

မန္တလေးတောင် ဆီမီးပူဇော်ပွဲ

(၂)မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားက ဆီမီးပူဇော်ပွဲ

မန္တလေး ချမ်းမြသာစည်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ညစဉ်ဆီမီးထွန်းညှိပူဇော်ပွဲရှိပါတယ်။ အောက်တိုဘာ (၁၂) ရက် အဖိတ်နေ့ညမှာ ရခိုင်တိုင်းရင်းသားလူငယ်များအဖွဲ့က ဆီမီးကိုးထောင်၊ လပြည်နေ့ညမှာ ဂေါပကအဖွဲ့ကကြီးမှူးပြီး ဆီမီးတစ်ထောင်၊ လပြည့်ကျော်တစ်ရက်နေ့ညမှာ တနင်္ဂနွေရင်ပြင်တော်သန့်ရှင်းရေးအသင်းက ဆီမီးတစ်သောင်း ပူဇော်ပွဲကျင်းပမှာဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ် စတုဒီတာကျွေးမွေးဧည့်ခံခြင်း အစီအစဉ်တွေပါဝင်မှာပါ။

Photo- Wikipedia (မဟာမုနိရုပ်ရှင်တော်မြတ်)

(၃)စွယ်တော်မြတ်စေတီတော် ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ

အမရပူရမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းဘေးက စွယ်တော်မြတ်စေတီတော်မှာ အောက်တိုဘာ (၁၃) ရက် သီတင်းကျွတ်လပြည့်ည ဆီမီး ကိုးထောင် ပူဇော်ပွဲနဲ့ မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲ ကျင်းပလေ့ရှိပါတယ်။။ နှစ်စဉ်နှစ်တိုင်း မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရတစ်ဖွဲ့လုံး တက်ရောက်ကြည်ညိုလေ့ရှိတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။

စွယ်တော်မြတ်စေတီမီးပုံးလွှတ်တင်ပွဲ

(၄) အောင်တော်မူဘုရား ဆီမီးပူဇော်ပွဲ

ချမ်းအေးသာစံမြို့နယ် ၆၃ လမ်းနဲ့ ၆၄ လမ်းကြား၊ ၂၈ လမ်းနဲ့ ၂၉ လမ်းကြား အောင်တော်မူဘုရား အောက်တိုဘာ (၁၃) ရက် လပြည့်နေ့ညနေ ၆ နာရီ ဆီမီး သုံးထောင်ပူဇော်ပွဲကျင်းပလေ့ရှိပြီး လပြည့်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ဘုရားဖူးတွေနဲ့စည်ကားနေတတ်ပါတယ်။

(၅) ဆည်တော်ကြီးချောင်းမကြီးက ကြာမီးခွက်များနဲ့ ဆီမီးမျှောပွဲ

ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ ဆည်တော်ကြီးချောင်းမကြီးမှာ အောက်တိုဘာ (၁၃) ရက် လပြည့်နေ့ နေ့လယ်ပိုင်းကစလို့ စတုဒီသာ ကြာဇံဟင်းခါးနဲ့ကျွေးမွေးဧည့်ခံ ခြင်းအစီအစဉ်တွေ ပြုလုပ်မှာပါ။ လပြည့်နေ့ ညနေပိုင်းမှာတော့ ကြာမီးခွက်တစ်ထောင်အခြံအရံနဲ့ပဒုမ္မာကြာဖောင်တော်ကြီးကို ဆီမီးမျှောပူဇော်ပွဲလုပ်မှာဖြစ်ပါတယ်။

Photo- ကြာမီးခွက်များ ပြုလုပ်နေကြစဉ်။

(၅) ဧရာဝတီမြစ်ကမ်းနံဘေး ပေါ်တော်မူဘုရားက ဆီမီးပူဇော်ပွဲ

မန္တလေးမြို့အနောက်ဘက် မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်းနံဘေးက ပေါ်တော်မူဘုရားမှာ အောက်တိုဘာ (၁၃) ရက် လပြည့်နေ့ညနေ ၆ နာရီကစတင်ကာ ဆီမီး သုံးထောင် ပူဇော်ပွဲကျင်းပမှာဖြစ်ပါတယ်။ မြစ်ထဲကနေပေါ်တော်မူလာတဲ့ဘုရားငါးဆူကို ဒေသခံတွေအပြင် ရပ်ဝေးရပ်နီးက ဘုရားဖူးတွေ မန္တလေးရောက်တဲ့အခါတိုင်း လာရောက်ဖူးမြော်လေ့ရှိကြပါတယ်။ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ဆိုရင် တစ်နေကုန်ဘုရားဖူးတွေနဲ့ပြည့်နှက်နေပြီး ညပိုင်းမှာ ဆီမီးပူဇော်ကြတာပါ။

(၆) ကျောက်စိမ်းဘုရား ဆီမီးကိုးထောင်ပူဇော်ပွဲ

မန္တလေး အမရပူရမြို့နယ် ဆင်ရွာ-မြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးမှာ အောက်တိုဘာ (၁၃) ရက် သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှာ ဆီမီးကိုးထောင်ပူဇော်ပွဲနဲ့ ပဌာန်းရွတ်ပွဲတော်ကို ပဉ္စမအကြိမ်ကျင်းပမှာဖြစ်ပါတယ်။

(၈) ကျောက်တော်ကြီးဘုရားက ဇာတ်ပွဲများနဲ့ အညာထွက်ကုန်ဈေးရောင်းပွဲတော်

အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအနီး ကျောက်တော်ကြီးဘုရားပွဲ အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၂၁ ရက်အထိ ၁၀ ရက်တိုင်အောင်ကျင်းပနေတာဖြစ်ပါတယ်။

ဒီဘုရားပွဲမှာတော့ အဓိက ဇာတ်ပွဲများ ပျော်ပွဲရွှင်ပွဲများ ဒေသထွက်ရိုးရာအစားအသောက်ဆိုင်ခန်းများ၊ အညာ ဒေသထွက်ကုန်များကို ဆိုင်ခန်းပေါင်း (၉၀၀)ကျော်နဲ့စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။

မန္တလေးမှာ ပွဲတော်ရက် အကြာဆုံးဘုရားပွဲတော်တစ်ခုဖြစ်ပြီး ကျောက်တော်ကြီးဘုရား၊ ကုသိုလ်တော်ဘုရားနဲ့ စန္ဒာမုနိဘုရားတို့ စုပေါင်းကျင်းပတာဖြစ်ပါတယ်။


က္က