တချို့ဒေသတွေက နယ်မြေမတည်ငြိမ်မှု၊ ဘဘာဝဘေးတွေကြောင့် ရောင်းအားကျနေပါတယ်။

ယခုနှစ် သီတင်းကျွတ်ကာလပိတ်ရက်အတွင်းမှာ ပုဂံဒေသ အပြင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ ဖြစ်တဲ့ တောင်ကြီး၊အင်းလေးနဲ့ကလောတို့ကို ခရီးသွားတွေ စိတ်ဝင်စားနေကြပြီး ခရီးသွားကုမ္ပဏီတွေကလည်း အဲဒီဒေသတွေအတွက် ခရီးစဉ်တွေကို ပိုမိုရောင်းချရတယ်လို့ ဆိုပါတယ်။

Photo- ပုဂံဒေသခရီးသွားဝင်ရောက်မှုများ

မြန်မာနိုင်ငံတချို့ ဒေသတွေက နယ်မြေမတည်ငြိမ်မှုတွေ၊ သဘာဝဘေးတွေကြောင့် ခရီးသွားတွေက စိတ်ဝင်စားမှုနည်းသွားပြီး ယူနက်စကိုဝင်ခဲ့တဲ့ ပုဂံဒေသကို ပိုပြီး စိတ်ဝင်စားလာကြတာ ဖြစ်နိုင်ကြောင်း ခရီးသွားအေဂျင်စီ အများစုက သုံးသပ်ပြောဆိုပါတယ်။

“ မနှစ်ကဆို နောင်ချိုဘက်မှာ တိမ်ပင်လယ်ကြည့်တာတို့၊ ဂုတ်ထိပ်တံတားတို့ သွားလည်ဖို့ ရောင်းအားရှိတယ်။ လူတွေက စိတ်ဝင်စားမှုတော့ရှိပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာဒေသတွေက နယ်မြေမတည်ငြိမ်တာတွေရှိတော့ ခရီးသွားတွေက ပုဂံကိုပဲ သွားဖြစ်ကြတော့တယ်” လို့  Colourful Travel and Tour မှ Operations Manager ကိုအောင်အောင်က Duwun ကိုပြောပါတယ်။

“ သီတင်းကျွတ်ဆိုရင်တော့ အဓိကကတော့ ပုဂံအသွားများတယ်။ သီတင်းကျွတ် ပိတ်ရက် အသွားအပြန်ခရီးအတွက်  ပုဂံ၊တောင်ကြီး၊ကလော၊ ပြင်ဦးလွင်အတွက် လက်မှတ်တွေ မရှိတော့ဘူး။ ကားလက်မှတ်ဈေးတွေလည်း မြင့်နေတယ်။ လက်မှတ်တွေလဲ လိုနေဆဲပဲ” လို့ TTT Travel & Tour Myanmar ကုမ္ပဏီမှ မသီရိက Duwun ကိုပြောပါတယ်။

ပုဂံဒေသက ဟိုတယ်အများစုမှာလည်း အောက်တိုဘာလ တစ်လလုံးအတွက် ဟိုတယ်အခန်းတွေ ပြည့်နေပြီလို့လည်း သိရပါတယ်။

“ ကျွန်မတို့ ဟိုတယ်မှာဆို အခု တစ်လလုံးစာ အခန်းဘိုကင်က ပြည့်နေပြီ။ နှစ်တိုင်းဒီလိုအချိန်ကတော့ အခန်းတွေ ပြည့်ပါတယ်။ ဒါမယ့် ဒီနှစ်က ဧည့်သည်တွေပိုများတယ်” လို့ ပုဂံမင်းသမီးဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

Photo- သီတင်းကျွတ်မှာ ပြင်ဦးလွင်သွားမည့် ခရီးသည်များနေ

သီတင်းကျွတ်ကာလမှာ အင်းလေးဖော်တော်ဦးဘုရားပွဲကျင်းပတာဖြစ်ပေမယ့် ဒီနှစ် ခရီးသွားတွေက အင်းလေးဒေသထက်ကို  ပုဂံဒေသကို ပိုပြီး အသွားများနေတယ်လို့ Colourful Travel and Tour မှ Operations Manager ကိုအောင်အောင်က Duwun ကိုပြောပါတယ်။

“ မနှစ်က ပုဂံက ကားလေးစီးထွက်ရင် ဒီနှစ်က ခြောက်စီးလောက်ထွက်ရတယ်။ ပုဂံယူနက်စကို ဝင်သွားလို့လဲ ပိုများလာတာပေါ့။ အင်းလေးခရီးစဉ်ကတော့ ကျွန်တော်တို့ဆီမှာ နည်းနည်းရောင်းအားကျနေတယ်” လို့ Colourful Travel and Tour က Duwun ကိုပြောပါတယ်။

ဒါ့အပြင် လူငယ်အများစုက ခရီးသွားမြို့တွေ အပြင် အသစ်အဆန်းနေရာတွေကို သွားရောက်ဖို့လည်း ပိုမိုစိတ်ဝင်စားကြပြီး သူတို့တွေကတော့ ခရီးသွားအေဂျင်စီတွေက တစ်ဆင့်မဟုတ်ဘဲ ကိုယ်ပိုင်အစီအစဉ်နဲ့ သွားကြတယ်လို့ သိရပါတယ်။

“ လူငယ်တွေကတော့ အသစ်အဆန်းနေရာတွေ၊ ခရီးတိုလေးတွေ သွားကြတာများတယ်။ သူတို့တွေကတော့ Tour ဝယ်ပြီးသွားတာမျိုးသိပ်မရှိဘူး။ သူငယ်ချင်းတွေစုပြီး ကိုယ့်အစီအစီနဲ့ပဲ ကိုယ်သွားကြတာများတယ်။ ခရီးသွားကုမ္ပဏီတွေမှာတော့ လေယာဉ်လက်မှတ်၊ကားလက်မှတ်လောက်ပဲ ဝယ်ကြတာ” လို့ TTT Travel & Tour Myanmar ကုမ္ပဏီမှ မသီရိက ဆိုပါတယ်။

ယခုနှစ်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ရေး-ထားဝယ်-မြိတ်ကျွန်းစု ခရီးစဉ်တွေ သွားလာမှု နည်းပါးသွားခဲ့တယ်လို့လည်း ခရီးသွားကုမ္ပဏီအချို့ ကပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့မှုကြောင့် သီပေါ၊လားရှိုးနဲ့ နောင်ချို မြို့ဘက်တွေကိုလည်း ခရီးသွားတွေ စိတ်ဝင်စားမှု နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။



က္က