ဖုန်းကတစ်ဆင့်ဆက်သွယ်အကူအညီတောင်းနိုင်ပါတယ်။
Mi Thawdar Aung

သီတင်းကျွတ်ကာလ ရက်ရှည်ရုံးပိတ်ရက်အတွင်း အမြန်လမ်းမကြီးတစ်လျှောက်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ခရီးသွားပြည်သူတွေ ခရီးစထွက်ချိန်ကို သုံးသပ်ဆင်ခြင်ကြဖို့ကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။

Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း ခရီးသွားပြည်သူတွေအနေနဲ့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်ပြီး အကူအညီတွေတောင်းခံနိုင်တယ်ဆိုပြီးတော့လည်း ကြေညာထားပါတယ်။

အများပြည်သူရုံးပိတ်ရက် ရက်ရှည်အားလပ်ရက်တွေမှာ အမြန်လမ်းကို အသုံးပြုပြီး ခရီးသွားလာမှု များတာကြောင့် အမြန်လမ်းမကြီးက တိုးဂိတ်များနဲ့ ယာဉ်ရပ်နားစခန်းတွေမှာ အဓိက ယာဉ်ကြောပိတ်ဆို့နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ရုံးဖွင့်ရက် နောက်ဆုံးရက် ညပိုင်းနဲ့ ရုံးပိတ်ရက် နောက်ဆုံးညတွေမှာ လမ်းမတစ်လျှောက်လုံး ထူးခြားစွာ ယာဉ်ကြောကြပ်တည်းလေ့ရှိတယ်လို့ သိရပါတယ်။

ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက် အစ အောက်တိုဘာ (၁၀) ရက်နေ့ ညပိုင်းနဲ့ ရုံးပိတ်ရက်အဆုံး အောက်တိုဘာ (၁၅) ရက် နေ့ညတွေမှာ အမြန်လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့တာ ကြန့်ကြာမှုတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် ယာဉ်ကြောပိတ်ဆို့မှုလျော့ကျအောင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် သက်ဆိုင်ရာဌာန ဝန်ထမ်းတွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကနေ အသိပေးကြေညာထားပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ ပိတ်ရက်ကာလအတွင်း အမြန်လမ်းမှာ တစ်စုံတစ်ရာ ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး 09-420888801 – 70 အထိ ဖုန်းအရေအတွက် အလုံး (၇၀) မှ အဆင်ပြေရာ နံပတ်တစ်ခုခုကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်လို့လည်းသိရပါတယ်။

အောက်တိုဘာ (၁၀) ရက် ညပိုင်းတုန်းက အမြန်လမ်းမကြီး ရန်ကုန်အထွက် အမှတ် (၃) လမ်းဆုံး တိုးဂိတ်မှာ ယာဉ်ကြောကျပ်တည်းမှုဖြစ်ပွားခဲ့တာကြောင့် Free laneဖွင့်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

ဒါ့အပြင့် မနေ့ အောက်တိုဘာ (၁၀) ရက် ညပိုင်းက ခရီးသွားယာဉ်တွေ များပြားလွန်းတဲ့အပြင် မိုးရွာသွန်းမှုတွေကြောင့် ရန်ကုန်ကနေ အမြန်လမ်းကို ဖြတ်သန်းသွားလာတဲ့ တစ်လျှောက် ယာဉ်ကြောကျပ်တည်းမှု အချိန်အတော်ကြာ ဖြစ်ပွားခဲ့ရတယ်လို့ ခရီးသွားပြည်သူအချို့ကဆိုပါတယ်။


က္က