အထူးရထားကို အောက်တိုဘာ ၁၁ ရက်မှာ ရန်ကုန်ကနေ စတင်ထွက်ခွာမှာပါ။

ရန်ကုန်-ပုဂံအထူးရထားမှာ အောက်တိုဘာ (၁၁) ရက်မှာ ရန်ကုန်ဘူတာကြီးကနေ စတင်ထွက်ခွာပြီး အောက်တိုဘာ ၁၄ ရက်မှာတော့ ပုဂံကနေ ရန်ကုန်ကို ပြန်လည်ပြေးဆွဲမှာဖြစ်ပါတယ်။

Photo- Zaw Lwin (ရန်ကုန်-ပုဂံအထူးရထားကိုတွေ့ရစဉ်)

သီတင်းကျွတ် ရုံးပိတ်ရက်မှာ ပုဂံကို ဘုရားဖူးသွားမယ့် ခရီးသွားပြည်သူတွေ အဆင်ပြေအောင် ရန်ကုန်-ပုဂံအထူးရထားတစ်စီး ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အထက်တန်းတွဲ (၅) တွဲ၊ ရိုးရိုးတန်း (၃) တွဲ၊ ဘရိတ်တွဲ (၁) တွဲနဲ့ အထူးရထားပြေးဆွဲမှာ ဖြစ်ပြီး လက်မှတ်ခက ခရီးသည်တစ်ဦးကို ရိုးရိုးတန်း (၄၅၀၀) ကျပ်၊ အထက်တန်း (၁၂၀၀၀) ကျပ်နဲ့ အထက်တန်း အိပ်စင် (၁၆၅၀၀) ကျပ် ဖြစ်ပါတယ်။

ရန်ကုန်ကနေ ပုဂံထွက်ခွာမယ့် အထူးရထားကတော့ ရန်ကုန်ဘူတာကြီးကနေ အောက်တိုဘာ ၁၁ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ထွက်ခွာပြီး ပုဂံကို နောက်တစ်နေ့ မနက် ၉ နာရီမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

Photo- Zaw Lwin (ရန်ကုန်-ပုဂံအထူးရထားကိုတွေ့ရစဉ်)

အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီမှာတော့ ပုဂံကနေ ရန်ကုန်ကိုပြန်လည်ထွက်ခွာမှာ ဖြစ်ပြီး နောက်တစ်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ မှာ ရန်ကုန်ဘူတာကြီးကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်-ပုဂံအထူးရထားကို အမှတ် (၆၁/၆၂) အမြန်ရထားရပ်တဲ့ဘူတာတွေမှာ ရပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ရန်ကုန်-ပုဂံနေ့စဉ်ပြေးဆွဲနေတဲ့ အမှတ် (၆၁) အဆန်၊ အမှတ် (၆၂) အစုန်အမြန်ရထားတွေကိုလည်း ပုံမှန်အတိုင်းပြေးဆွဲပေးနေပါတယ်။

အခုနှစ်သီတင်းကျွတ်ကာလပိတ်ရက်မှာ ပုဂံဒေသကို ခရီးသွားတွေ ပိုမိုစိတ်ဝင်စားနေကြပြီး လက်မှတ်ကြိုတင်ဝယ်ယူမှုတွေ ရှိနေတာကြောင့် အဝေးပြေးယာဉ်လိုင်းအချို့မှာ လည်း ကားလက်မှတ်တွေ ရောင်းကုန်သလောက်နီးပါးဖြစ်နေတယ်လို့လည်း အဝေးပြေးယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။

ကြည့်မြိုင်တိုင်ဘူတာကနေ ပြည်ကိုထွက်ခွာတဲ့ စာပို့ရထားနဲ့သာရဝေါကို သွားတဲ့ ရထားတွေကိုလည်း သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသည်ပိုစီးတာကြောင့် လူစီးတွေတွဲ တိုးမြှင့် ချိတ်ဆွဲပေးသွားမယ်လို့လည်း မြန်မာ့မီးရထားက ကြေညာထားပါတယ်။



က္က