မြန်မာပြည်အထက်ပိုင်းခရီးစဉ်တွေအတွက် ကားလက်မှတ်တွေ ပြတ်လပ်

သီတင်းကျွတ်ပိတ်ရက်တွေ ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ပုဂံ ညောင်ဦး၊ မန္တလေး၊ပြင်ဦးလွင်၊ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး၊ ကလော စတဲ့ ခရီးစဉ်တွေကို ကားလက်မှတ်တွေ မရှိတော့ဘူးလို့ အဝေးပြေးယာဉ်လိုင်းအချို့က Duwun ကိုပြောပါတယ်။

လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွက် နေရပ်ပြန်ကြမယ့်သူတွေ၊ ခရီးသွားမယ့်သူတွေ များပြားလွန်းတာကြောင့် အဝေးပြေးကားလက်မှတ်တွေ အရောင်းကုန်သလောက် ဖြစ်နေပြီလို့ အဝေးပြေးကားလက်မှတ် ရောင်းချတဲ့ ကုမ္ပဏီတွေဆီကနေ သိရပါတယ်။

“ ၁၂ ရက်နေ့ အထိဆို နေပြည်တော်ကလွဲရင် ရန်ကုန်-တောင်ကြီး၊ ပြင်ဦးလွင်၊ ကလော စတဲ့ ညီမတို့ ယာဉ်လိုင်းက ပြေးဆွဲတဲ့ ခရီးစဉ်တွေ အကုန်လုံးမရှိတော့ပါဘူး။ ၁၂ ရက်နောက်ပိုင်းလက်မှတ်တွေတော့ ရှိပါသေးတယ်” လို့ Elite အဝေးပြေးယာာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

မြန်မာပြည်အထက်ပိုင်းခရီးစဉ်တွေအတွက် လက်မှတ်တွေဟာ ယာဉ်လိုင်းအများစုမှာ ကုန်သလောက်နီးပါးဖြစ်နေပြီး အဓိက ပုဂံခရီးစဉ် ကို အများဆုံးရောင်းချရတယ်လို့ ယာဉ်လိုင်းအများစုက ဆိုပါတယ်။

“ ပုဂံအတွက် ကားလက်မှတ် အများဆုံးရောင်းရတယ်။ အခုရက်ထဲ ပုဂံ၊တောင်ကြီး အသွားများတယ်။ အဲဒီနေရာတွေဆို အခု သီတင်းကျွတ်ပိတ်ရက် အတွက် ကားလက်မှတ်က မရှိတော့ဘူး” လို့ JJ Express ယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

သီတင်းကျွတ်ပိတ်ရက် အတွက် ကားလက်မှတ်တွေကိုတော့ ဈေးအတက်အကျမရှိဘဲ ပုံမှန်ဈေးနှုန်းနဲ့သာ ရောင်းချပေးရတယ်လို့ ဆိုပါတယ်။

“ ကျွန်မ နယ်ပြန်ဖို့က ဆယ်ရယ်အလိုလောက်ကတည်းက ဝယ်ထားရတယ်။ ဒါတောင်မှ လိုချင်တဲ့အချိန်မရဘူး။ ရှိတဲ့အချိန်ပဲ ကားလက်မှတ်ဖြတ်ခဲ့ရတယ်။ ဈေးကတော့ပုံမှန်အတိုင်းပဲ ပေးရပါတယ်” လို့ ရန်ကုန်ကနေ နေပြည်တော် ပြန်မယ့် ကုမ္ပဏီဝန်ထမ်း မအိအိက Duwun ကိုပြောပါတယ်။

သင်္ကြန်ပိတ်ရက်၊သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်နဲ့ နှစ်သစ်ကူးပိတ်ရက်စတဲ့ ရက်ရှည် ရုံးပိတ်ရက်တွေမှာ အောင်မင်္ဂလာ အဝေးပြေးကားလက်မှတ်တွေ ပြတ်လပ်မှုက နှစ်စဉ်ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုဖြစ်နေတယ်လို့ ခရီးသွားတွေက ပြောဆိုကြပါတယ်။



က္က