လေပြင်းတိုက်ခတ်ခြင်းနဲ့အတူ မိုးလည်းကြီးနိုင်ပါတယ်။
Ei Ei Htun

ဆိုင်ဂလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ ယနေ့ညပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို အားကောင်းသောဆိုင်ဂလုန်းမုန်တိုင်း (Severe Cyclonic Storm) အနေဖြင့် ဖြတ်ကျော်ဝင်ရောက်မှာဖြစ်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

အားအလွန်ကောင်းသော ဆိုင်ဂလုန်းမုန်တိုင်း ဘာဘ်ဘယ်အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကုန်းမြင့်ဒေသများအနီးမှာနေထိုင်သူများကို မြေပြိုမှုအန္တရာယ် သတိပြုရန် မိုးဇလက ဒီကနေ့ နိုဝင်ဘာလ(၉)ရက်နေ့ ညနေ (၅)နာရီခန့်က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ဆိုင်ဂလုန်းမုန်တိုင်း ဘာဘ်ဘယ်ဟာ အားအလွန်ကောင်းနေပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှ မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ဒီဂါမြို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့တို့ကို ဗဟိုပြုလျှက်ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ စစ်တွေမြို့ အနောက်မြောက်ဘက် ရေမိုင် (၂၈၅)မိုင်နဲ့ မောင်တောမြို့ အနောက်တောင်ဘက် ရေမိုင် (၂၅၅)ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလျှက်ရှိနေတယ်လို့ ထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်။

ဆိုင်ဂလုန်းမုန်တိုင်း ဘာဘ်ဘယ်ရဲ့လေတိုက်နှုန်းဟာ တစ်နာရီကို (၈၅)မိုင်နှုန်းနဲ့တိုက်ခတ်နေပြီး ရွှေ့လျားနှုန်းကတော့ တစ်နာရီကို (၇)မိုင်နှုန်းနဲ့ ရွှေ့လျားနေတယ်လို့သိရပါတယ်။ ယနေ့ညပိုင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို အားကောင်းသောဆိုင်ဂလုန်းမုန်တိုင်း (Severe Cyclonic Storm) အနေဖြင့် ဖြတ်ကျော်ဝင်ရောက်မှာဖြစ်တယ်လို့ ခန့်မှန်းထားတာပါ။ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းမှာလည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနဲ့အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသတွေမှာ နေထိုင်သူများကို သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။


က္က