သြဂုတ်လ ၂၀ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီး ပြေးဆွဲတဲ့ အဝေးပြေးခရီးစဉ်တွေကို ယာယီပိတ်သိမ်းလိုက်ပါပြီ။

ရခိုင်ပြည်နယ်ကနေ မန္တလေးမြို့ကို ခရီးသည်တင်ယာဉ်လိုင်းနဲ့ရောက်ရှိလာတဲ့ ခရီးသည်တွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခဲ့တာမှာ All Negative အဖြေထွက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး Covid-19 သတင်းမှန်ပြန်ကြားရေးနှင့် Covid-19 သတင်းမှားဖြန့်ဝေသူများရှာဖွေဖော်ထုတ်စောင့်ကြည်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

"ခရီးသည် ၈ ယောက်စလုံး သံဃာ့ဆေးရုံမှာ Facility Quarantine ဝင်နေဆဲပါ၊ အားလုံးဝမ်းသာစရာသတင်းပါ၊ Swab အဖြေ All Negative ပါ" လို့ ဝန်ကြီးဦးစိုင်းပန်းဆိုင်က ဆိုပါတယ်။ အဲဒီခရီးသည်တွေဟာ ရခိုင်ပြည်နယ် မင်းပြား အမ်းနဲ့မြေပုံမြို့တို့ကဖြစ်ပြီး စစ်တွေ-မန္တလေးအဝေးပြေးခရီးသည်တင်ယာဉ်နဲ့ သြဂုတ်လ ၂၀ ရက်နေ့က ထွက်လာခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၁ ရက်နေ့က မန္တလေး မြို့ကို ဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။



ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရနှုန်းမြင့်မားချိန်မှာ မန္တလေးတိုင်းဒေသကြီးအစိုးရက ရခိုင်ပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီး ပြေးဆွဲတဲ့ အဝေးပြေးခရီးစဉ်တွေကို သြဂုတ်လ ၂၀ ရက်ကစလို့ ယာယီပိတ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

"ဒီဘက်မှာက ၂၀ ရက်နေ့ကစပြီး ရခိုင်ခရီးစဉ်တွေပိတ်လိုက်တယ်ဆိုပေမယ့်လည်း အဲဒီနေ့မှာ ရခိုင်ကတချို့ယာဉ်တွေကထွက်လာကြပြီဆိုတော့ ကျွန်တော်တို့ လက်ခံပေးရတယ်လေ၊ အဲဒီနေ့မနက်က ရခိုင်ကလာတဲ့ခရီးသည် ၈ ဦးရှိပါတယ်၊ ၆ ဦးကမန္တလေးက၊ ၂ ဦးက တစ်ခြားမြို့ကပါ၊ ခရီးသည် ၈ ဦးစလုံး သံဃာ့ဆေး ရုံမှာ Facility Quarantine ဝင်နေဆဲပါ" လို့ ဝန်ကြီးကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ စစ်တွေမြို့မှာပြည်တွင်းကူးစက်မှုပိုမိုတွေ့ရှိလာပြီးနောက် မန္တလေးတိုင်းဒေသကြီးအစိုးရက ရခိုင်ပြည်နယ်ကနေ မန္တလေးတိုင်းဒေသ ကြီးပြေးဆွဲနေတဲ့အဝေးပြေးခရီးသည်တင်ယာဉ်တွေကို ယာယီရပ်နားခိုင်းလိုက်ပါတယ်။

Share

Loading Next Article...
က္က