နယ်စပ်ဂိတ် ၃ဂိတ်ရှိပေမယ့် မြဝတီနယ်စပ်ဂိတ်က အဓိက ပြန်လာနေကြပါတယ်။
Kyaw Ko Ko Sint

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ စာရင်းပေးထားသူ စုစုပေါင်း ၃သောင်းခွဲဝန်းကျင်ရှိပြီး လက်ရှိ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာနိုင်သူကတော့ တစ်သောင်းကျော်သာ ရှိသေးတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ကိုဗစ်ကာလမှာ ပြန်နိုင်ဖို့အတွက် နယ်စပ်ဂိတ်တွေကတဆင့် သက်ဆိုင်ရာ နှစ်ဖက် အစိုးရတာဝန်ရှိသူတွေက စီစဥ်ပေးနေပြီး လေကြောင်းခရီးစဥ်နဲ့ ပြန်နိုင်ခဲ့သူကတော့ ၃၀၀ ထိရှိခဲ့ တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ဒီနေ့ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အွန်လိုင်းစကားဝိုင်းမှာ ပြောသွားမှုအရသိရပါတယ်။

“ထိုင်းကနေ မြန်မာကိုပြန်ဖို့ မူလက အစိုးရအစီအစဥ်နဲ့ လေယာဥ်နဲ့ ၃ခေါက်ထိပြန်ဖို့ စီစဥ်ပေးနိုင်ခဲ့ရာမှာတော့ ၃၀၀ လောက်ပြန်နိုင်ခဲ့ပါတယ်။နောက်ပိုင်း ဘတ်စ်ကားတွေနဲ့ စီစဥ်ခဲ့ရာမှာတော့ မိမိအစီအစဥ်အရရော သံရုံး အစီအစဥ်အရပါပြန်လာဖို့ စာရင်းပေးထားတသူက ၃သောင်း၄ထောင်ကျော် လောက်ရှိပါတယ်။သူတို့ကို ပြန်ဖို့ စီစဥ်ပေးရာမှာ ပြန်လိုတဲ့ ဂိတ်တွေလည်းရှိပါတယ်။မဲဆောက်-မြဝတီ၊ရနောင်း-ကော့သောင်းနဲ့တာချီလိတ်ဂိတ် တွေရှိပြီး အစိုးရကတော့ မြဝတီ-မဲဆောက်ဂိတ်ကို တရားဝင်ဂိတ်အဖြစ် သတ်မှတ်ထားပါတယ်။”လို့ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောခဲ့ပါတယ်။

ရနောင်း-ကော့သောင်းဂိတ်ကနေ ပြန်လွှတ်ပေးထားသူ ၃၀၆ဦးရှိပြီး၊တာချီလိတ်ကနေ ပြန်လာသူ ၄၇ဦးနဲ့ နောက်ထပ် ပြန်လာဖို့ရှိသူ ၁၂၀လောက်ရှိသေးတယ်လို့လည်းသိရပါတယ်။

မြဝတီ-မဲဆောက်ဂိတ်ကတော့ ပြန်ဝင်လာသူ တစ်သောင်းကျော်ရှိပြီဖြစ်ပြီး စာရင်းပေးထားသူက ၃သောင်းခွဲနီးပါး လောက်ရှိလို့ မြဝတီ-မဲဆောက်ဂိတ်မှာ ပြန်ဝင်လာဖို့ကျန်သူ ၂သောင်းနီးပါးရှိနေပါသေးတယ်။

“ကျွန်တော်တို့ဆီကို စာရင်းပေးထားတာတော့ ထိုင်းကပြန်လည်ဝင်ရောက်လာဖို့ရှိတဲ့ ဦးရေက (၃)သောင်း ရှိပါ တယ်။အဲဒီထဲကမှ ယနေ့ထိကို (၁)သောင်းကျော်ပြန်လည်ရောက်ရှိနေပါပြီ။ ဒီ(၁)သောင်းကျော်ထဲကနေ ဓာတ် ခွဲစစ် ဆေးမှုလုပ်ပြီးတာက (၂၀၀၀)ကျော်ရှိပါတယ်။ အားလုံးမှာရောဂါပိုးမတွေ့ရှိရပါဘူး” လို့ မြဝတီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင် အောင်ပြောပါ တယ်။ 

ထိုင်းနိုင်ငံကနေပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေက တခြားနိုင်ငံတွေကထက် ပိုများပြီး မေလ(၂၃)ရက်နေ့ နောက်ပိုင်းကစပြီး တစ်ရက်ကို (၁)ထောင်ကျော် ဝင်ရောက်လျှက်ရှိနေပါတယ်။

မြဝတီ နယ်စပ်ဂိတ်ကနေတဆင့် ပြန်လာတဲ့သူတွေထဲမှာ ကရင်၊ ကချင်၊ ချင်းနဲ့ နေပြည်တော်က သူတွေကိုတော့ ကရင်ပြည်နယ်မှာရှိတဲ့ Quarantine စင်တာတွေမှာပဲ ထားရှိပြီး ကျန်တိုင်းနဲ့ ပြည်နယ်ကသူတွေကိုတော့ သက်ဆိုင် ရာအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ကာ မော်တော်ယာဉ်များနဲ့ ပို့ဆောင်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က