လူနာတွေနဲ့ ထိတွေ့ထားသူ (၁၅)ဦးရှိပါတယ်။
Ei Ei Htun

ဇွန်လ (၁၉)ရက်နေ့မနက်ပိုင်းကတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာ (၂၃)ဦးနဲ့ ထိတွေ့ထားသူ (၁၅)ဦးရှိပြီး အစိုးရဝန်ထမ်းတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းလည်းပါဝင်တယ်လို့သိရပါတယ်။ 

ပိုးတွေ့လူနာ (၂၃)ဦးလုံးက ထိုင်းနဲ့မလေးရှားကနေ ပြစ်ဒဏ်စေ့ပြန်လည်လွှဲပြောင်းလာတဲ့သူတွေဖြစ်ပြီး ထိတွေ့ထားသူ (၁၅)ဦးက သူတို့ကို ပြန်လည်လက်ခံခဲ့စဉ် ပါဝင်ခဲ့တဲ့သူတွေဖြစ်ပါတယ်။

“ ထိတွေ့ထားသူတွေကတော့ သူတို့ကို ပြန်လည်လက်ခံခဲ့စဉ်ကပါဝင်ခဲ့တဲ့သူတွေပေါ့။ ကျန်းမာရေးဝန်ထမ်းပါမယ်၊ ရပ်ကျေးလူကြီးတွေ၊ နေပြည်တော်က လက်ထက်ညွှန်မှူးတစ်ယောက်လည်းပါတယ်၊ ဦးစီးအရာရှိတွေလည်းပါတယ် အားလုံး (၁၅)ဦးပါ ။ သူတို့ကိုတော့ အခု Quarantineထားရှိထားပြီ။ လူနာတွေကိုလည်း ဆေးရုံအသီးသီးကို လွှဲပြောင်းလိုက်ပါပြီ”လို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

လူနာတွေကိုတော့ ဇွန်လ၁၉ရက် ညနေပိုင်းကတည်းက ဆေးရုံအသီးသီးကိုလွှဲပြောင်းပေးခဲ့ပြီး ဝေဘာဂီဆေးရုံကို (၁၈)ဦး ၊ ဘားအံဆေးရုံကို (၄)ဦးနဲ့ မော်လမြိုင်ဆေးရုံကို (၁)ဦးလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကလည်းကောင်းမွန်တယ်လို့ ဦးသန့်ဇင်အောင်ပြောပါတယ်။

ဇွန်လ (၈)ရက်နေ့က ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား(၃၅)ဦး လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဲဒီထဲက (၂၃)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ကာ ကျန် (၁၂)ဦးမှာတော့ ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။ လက်ရှိမှာ ရောဂါပိုးမတွေ့ရှိသူ (၁၂)ဦးကို Quarantine စင်တာမှာပဲ အရေးကြီးတဲ့သူတွေအဖြစ်ထားရှိပြီး နောက်တစ်ကြိမ် ဓာတ်ခွဲစစ်ဆေးဖို့ရှိတယ်လို့သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က