အေဂျင်စီကုမ္ပဏီတွေဆီက လာဘ်စားခဲ့တာလည်းဖြစ်ပါတယ်။
Ei Ei Htun

အေဂျင်စီကုမ္ပဏီတွေဆီက ထိုင်းဘတ်ငွေ (၄၄၄,၇၀၀)ထိလိုက်စားခဲ့တဲ့ ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနဲ့ သူ့ကို အားပေးကူညီခဲ့တဲ့ ဝန်ထမ်းနှစ်ဦးကိုတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့က ထိုင်းနိုင်ငံထိသွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံတော်က ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာများကိုအလွဲသုံးစားပြုပြီး အဂတိလိုက်စားဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနဲ့ ဝန်ထမ်းနှစ်ဦးကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့် အရေးယူလိုက်ကြောင်း ဒီကနေ့ နိုဝင်ဘာလ(၇)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးစန်းမောင်ဦးဟာ အလုပ်ခေါ်စာများကို ခွင့်ပြုမိန့်လက်မှတ်အမြန်ရေးထိုးခြင်းနဲ့ ပတ်သက်ပြီး ကုမ္ပဏီ(၁၂)ထံမှ လာဘ်ငွေ ထိုင်းဘတ်ငွေ (၅၇,၄၀၀)တောင်းခံရယူခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင် အေဂျင်စီများထံမှ အလုပ်သမားအမည်စာရင်းကိုတင်ပြရာမှာ အလုပ်သမားတစ်ဦးကို ထိုင်းဘတ်ငွေ (၁၀၀)နှုန်းနဲ့ ကုမ္ပဏီ (၁၆)ခုထံမှ ထိုင်းဘတ်ငွေ (၃၈၇,၃၀၀)ကို လက်ခံရရှိယူခဲ့ကြောင်းကို ကော်မရှင်ထံတိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။

တိုင်ကြားစာနဲ့ ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုသွားရောက်ကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိဟာ အဆိုပါလုပ်ရက်တွေကို ကျူးလွန်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။

အခုလို ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက အဂတိအမှုကျူးလွန်အောင် အားပေးကူညီခဲ့တဲ့ ဝန်ထမ်းနှစ်ဦးဖြစ်တဲ့ ဦးသန်းထိုက်စိုးနဲ့ ဦးစောပြည့်ငြိမ်းတို့နှစ်ဦးပါ (၃)ဦးစလုံးကို ဥပဒေပုဒ်မ ၅၆/၆၃ အရ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှာ အမှုဖွင့်ထားပြီး အရေးယူဆောင်ရွက်လျှက်ရှိတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။


က္က