ဖခင်ဖြစ်သူက လူနာရဲ့ ထိုင်းကနေ ပေးပို့လာတဲ့ ပါဆယ်ထုပ်ကို လက်ခံမိခဲ့လို့ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက် ည ၈နာရီကထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာအမှတ် ၂၈၇ ဟာ ထိုင်းနိုင်ငံကနေ ပြန်မလာခင်တစ်လအလိုခန့်က ဖခင်ဖြစ်သူထံ ပါဆယ်ထုပ်ပေးပို့ခဲ့ဖူးတာကြောင့် ဖခင်ကိုပါ ရောဂါပိုးရှိမရှိ ဓာတ်ခွဲနမူနာရယူစစ်ဆေးဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

လူနာဟာ ထိုင်းနိုင်ငံမှာ ရှိနေစဉ်တုန်းက မိဘတွေရှိတဲ့ ပေါင်မြို့နယ် သဗြုချောင်ရွာကို ကားဂိတ်ကတစ်ဆင့် ပါဆယ်ထုပ်ပေးပို့ခဲ့ဖူးပြီး အဲဒီပါဆယ်ထုပ်ကို ဖခင်တစ်ဦးတည်းကသာ ထိတွေ့ ကိုင်တွယ်ခဲ့တယ်လို့ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က Duwun ကိုပြောပါတယ်။



ပါဆယ်ထုပ်ကို မေလ ၁ ရက်နေ့ကတည်းက ပေးပို့ခဲ့ပြီး လူနာမှာ ပိုးတွေ့တယ်ဆိုတာနဲ့ ပရဟိတအဖွဲ့တွေက ပါဆယ်ထုပ်ကို ပိုးသတ်ဆေးဖြန်းခဲ့သလို ပါဆယ်ထုပ်ကို ထိတွေ့ခဲ့တဲ့ ဖခင်ကလည်း ဘုန်းကြီးကျောင်းမှာ တစ်ဦးတည်း သီးသန့်သွားရောက်နေထိုင်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က သူ့အဖေကိုသွားမေးတော့ သူတစ်ဦးပဲ ပါဆယ်ထုပ်ကို ထိတွေ့ထားပြီး အခြားဘယ်သူမှ မထိတွေ့ခဲ့သလို သူကိုယ်တိုင်လည်း ပါဆယ်ထုပ်ကို မဖောက်ရသေးဘူးပြောတယ်။ စိတ်ချရအောင် လူနာရဲ့ အဖေကို ဓာတ်ခွဲစစ်ဆေးမှုတော့ လုပ်ဆောင်သွားပါမယ်။”လို့ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က Duwun ကိုပြောပါတယ်။

လူနာအမှတ် ၂၈၇ ဟာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူပါ။ ကိုဗစ်အခြေအနေကြောင့် သူအလုပ်လုပ်ကိုင်တဲ့ ဟိုတယ်ပိတ်ထားခဲ့လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာခဲ့ပြီး မော်လမြိုင်က ကွာရန်တင်းစင်တာတစ်ခုမှာ အသွားအလာ ကန့်သတ်ခံထားရသူလည်း ဖြစ်ပါတယ်။

 “ လူနာနဲ့ အတူ ထိုင်းက ပြန်လာသူ ၃၉ ယောက်ကို မော်လမြိုင်ကွာရန်တင်းနေရာကို ဘတ်စ်ကားတစ်စီးတည်းနဲ့ ပို့ဆောင်ခဲ့ပါတယ်။ အခုလူနာအမှတ် ၂၈၇ မှာ ပိုးတွေ့ပေမယ့် သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကလည်း ကွာရန်တင်းဝင်နေပြီးသားဖြစ်လို့ စိတ်ချရပါတယ်။ဒါပေမယ့် ကားဆရာနဲ့ယာဉ်နောက်လိုက်ကိုတော့ ဒီနေ့မှာပဲ မော်လမြိုင်ကွာရန်တင်းနေရာကို ပို့ဆောင်ထားလိုက်ရပါတယ်”လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Duwun ကိုပြောပါတယ်။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို နယ်စပ်ဂိတ်အသီးသီးကနေ ရွှေ့ပြောင်းမြန်မာလုပ်သားသောင်းနဲ့ချီ ပြန်လည်ဝင်ရောက်လာတဲ့အနက်  ၂၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က