အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှာ လုပ်ကိုင်နေတာပါ။
မြေထည်မီးဖုတ်ပစ္စည်းတွေဖြစ်တဲ့ အိုးပုတ်တွေဟာ တစ်နှစ်ပတ်လုံးထုတ်လုပ်ရောင်းချနေတဲ့ပစ္စည်းတွေပဲဖြစ်ပြီး အညာဒေသဘုရားပွဲတော်၊ နတ်ပွဲတော်တွေစတင်တော့မယ့်ကာလတွေမှာဆိုရင် အများဆုံးရောင်းချရတာဖြစ်တယ်လို့ မန္တလေး အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှ အိုးပုတ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။

အထက်အညာဒေသမှာ အစောဆုံးကျင်းပလေ့ရှိတဲ့ ဘုရားပွဲတော်နဲ့နတ်ပွဲတော်တွေဟာ မကြာခင်မှာပဲစတင်တော့မှာဖြစ်တာကြောင့် ဒီပွဲတော်တွေမှာရောင်းချမယ့် ကလေးကစားစရာအိုးပုတ်တွေကို မန္တလေး အမရပူရမြို့နယ် တပ်ကြီးကျေးရွာမှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။

ပွဲဈေးတန်းတစ်လျှောက် နိုင်ငံခြားဖြစ် ကလေးကစားစရာပစ္စည်းတွေနဲ့အတူ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနေရတဲ့ ဒီအိုးပုတ်ကလေးတွေက တကယ်တော့ မြေထည်မီးဖုတ်ပစ္စည်းတွေပဲ ဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာပါ။

“ ဒီလုပ်ငန်းက ကျွန်မတို့ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာတဲ့ လုပ်ငန်းဆိုတော့ ဒီအလုပ်နဲ့ပဲ လှူရေးတန်းရေး၊ အစစအရာရာဒါလေးနဲ့ပဲ အဆင်ပြေကြတယ်။ မိဘတွေလက်ထက်ကတည်းက ဒီလုပ်ငန်းကိုပဲ လုပ်ကိုင်ခဲ့ကြတော့ ကျွန်မတို့လက်ထက်မှာလည်း မပြစ်ပယ်နိုင်ဘူး။ကျွန်မအသက် (၁၅)နှစ်ကတည်းကလုပ်လာတာ။ ခုကျွန်မအသက်(၅၀)ဆိုတော့ ဒီလုပ်ငန်းလုပ်ငန်းလုပ်တာ (၃၅)နှစ်လောက်ရှိပြီ” လို့ တပ်ကြီးကျေးရွာမှ အိုးပုတ်လုပ်ငန်းရှင် မလွင်က Duwun ကိုပြောပါတယ်။

အိုးပုတ်လုပ်ငန်းဟာ တစ်နှစ်ပတ်လုံးဈေးကွက်ရှိပေမယ့်လည်း အခုလိုအညာဒေသဘုရားပွဲတော်နတ်ပွဲတော်တွေစတင်တော့မယ့်ကာလမှာတော့ အများဆုံးရောင်းချရတာဖြစ်တယ်လို့လည်းသိရပါတယ်။

“ တစ်နှစ်တစ်နှစ်ကို အိုးပုတ်က သောင်းနဲ့ချီပြီး ရောင်းရတယ်။ နတ်ပွဲတွေ၊ ပွဲတော်တွေရှိတဲ့ကာတွေဆိုရင် ဝါတွင်းကာလကြားမှာတင် နှစ်သောင်း၊သုံးသောင်းမကဘူး ရောင်းရတယ်။ ပွဲတော်တွေရှိနေသရွေ့ ပွဲတွေလုပ်ငန်းဖြစ်လေလေ အစ်မတို့ကပိုပြီးရောင်းရပဲ “ လို့ တပ်ကြီးကျေးရွာမှ အိုးပုတ်လုပ်ငန်းရှင်

မနှင်းက Duwun ကိုပြောပါတယ်။

မြေထည်မီးဖုတ်ပစ္စည်းတွေဟာ တစ်နှစ်ပတ်လုံးထုတ်လုပ်ရောင်းချနေတဲ့ပစ္စည်းတွေပဲဖြစ်ပြီး မကြာခင်ကျင်းပတော့မယ့် မန္တလေးမြို့က အိုးပုတ်ပွဲတော်မှာတော့ ပွဲတော်ရက်တစ်ရက်တည်းနဲ့တင်အိုးပုတ်အလုံးရေသိန်းဂဏန်းမျှရောင်းချရတယ်လို့သိရပါတယ်။

အထက်အညာဒေသမှာ အစောဆုံးကျင်းပတဲ့နတ်ပွဲဖြစ်တဲ့ စစ်ကိုင်းမြို့ကရွှေကျွန်းပင်နတ်ပွဲဟာ သြဂုတ်လ ၂ ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီး သြဂုတ် လ ၈ ရက်နေ့မှာတော့ မန္တလေးမြို့ရဲအထင်ကရ တစ်နှစ်မှာတစ်ရက်တည်းကျင်းပတဲ့ အိုးပုတ်ပွဲတော်ကိုကျင်းပသွားမှာပါ။

အဲဒီနေ့မှာပဲ တောင်ပြုန်းပွဲတော်ကြီးကို စတင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က