တိုတိုထိထိမိမိနဲ့ ပရိသတ်ရင်ထဲကို ရောက်တဲ့ ဇာတ်လမ်းတိုတွေ ၊ မှတ်တမ်းရုပ်ရှင်တွေကိုမှ ရိုက်ကူးပုံဖော်ရတာ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက်၉ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။
Thin Nu Swe

၉ကြိမ်မြောက် ဝဿန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံ နဲ့ Gothe Institute Myanmar မှာ စက်တင်ဘာလ ၄ရက်နေ့ကနေ ၉ ရက်နေ့အထိ ၆ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီရုပ်ရှင်ပွဲတော်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဇာတ်လမ်းတို ၊ မှတ်တမ်းရုပ်ရှင်ပေါင်း ၃၆ကားထဲကမှ ဆန်ခါတင် ၁၂ ကားကို ရွေးချယ်ခဲ့ကြပါတယ်။ ၆ရက်တာအတွင်းမှာ ပြိုင်ပွဲဝင်ဇာတ်ကားနဲ့ မြန်မာဇာတ်လမ်းတို ၁၃ ကား၊ အရှေ့တောင်အာရှ ဇာတ်လမ်းတို ၄၃ကား နဲ့ နိုင်ငံတကာဇာတ်လမ်းတို ၂၁ကားအပါအဝင် ဇာတ်လမ်းရှည် ၄ ကား စုစုပေါင်း ရုပ်ရှင်ဇာတ်လမ်းပေါင်း ၉၀ကျော်ကို နှစ်နေရာစလုံးမှာ တပြိုင်နက် ပြသခဲ့တာဖြစ်ပါတယ်။

ဆုတွေကိုတော့ ထိုင်ဝမ်မှ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Flora Linghwa Huang ၊ ထိုင်ဝမ်မှ ရုပ်ရှင်ဝေဖန်ရေး ဆရာ Pony Ma နဲ့ ဟောင်ကောင်မှ ရုပ်ရှင် ဂျာနယ်လစ်၊ တည်းဖြတ်သူ၊ စာရေးသူ Philip Nam Ho တို့က အကဲဖြတ်အမှတ်ပေးပြီး ဆုတွေကို ရွေးချယ်ပေးခဲ့ကြတာဖြစ်ပါတယ်။

Best Short Film Award ဆုကို Sick (လူနာ) ဇာတ်ကားနဲ့ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းကလည်းကောင်း ၊ Best Documentary Film Award ဆုကို Opium Farmer (ဘိန်းစိုက်သူများ) ဇာတ်ကားနဲ့ ဒါရိုက်တာ ဆုဆုလှိုင်က လည်းကောင်း၊ New Vision Award ဆုကို ¼ Wasted (စိတ္ထိခိုက်) ဇာတ်ကားနဲ့ ဒါရိုက်တာ မျိုးသာခင်၊ Between (ကြား) ဇာတ်ကားနဲ့ ဒါရိုက်တာ သံလွင်ဦးတို့က အသီးသီး ရရှိခဲ့ကြပါတယ်။ နောက်ထပ်ဇာတ်ကားတစ်ကားကတော့ ပရိသတ်ရွေးချယ်ပေးတဲ့ဆု Audience Awardဆု ကို Acceptance (အိပ်တန်းပြန်ငှက်) ဇာတ်ကားနဲ့ ဒါရိုက်တာ ညီဇော်ထွေး ၊ အကောင်းဆုံးသရုပ်ဆောင်ဆုကို Acceptance (အိပ်တန်းပြန်ငှက်) ဇာတ်ကားနဲ့ သရုပ်ဆောင် ဒေါ်မြင့်မြင့်သိန်းတို့က ရရှိခဲ့ပါတယ်။ ဆုရရှိသူများကို ဆုတံဆိပ်များနဲ့အတူ ငွေသားဆု ငါးသိန်းကျပ်တိတိကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

ဒီရုပ်ရှင်ပွဲတော်မှာ The Best Short Film Award ဆု ကို လူနာ (Sick) ဇာတ်ကားနဲ့ ရရှိခဲ့တဲ့ ဒါရိုက်တာ ဇော်ဘိုဘိုဟိန်းကတော့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေခဲ့တာ ၄နှစ်တိတိရှိပြီလို့ Duwun ကို ပြောပါတယ်။

"ကျွန်တော်ဆိုရင် ဒီပြိုင်ပွဲကိုပြိုင်ခဲ့တာ ၂၀၁၆ ကနေစပြိုင်ခဲ့တာ။ ခုဆို ၄နှစ်တောင်ရှိခဲ့ပြီပေါ့။ ၄နှစ်မြောက်မှ ဆုရတာ။ ပြောရရင် ကိုယ့်ကို Appreciate ဖြစ်စေတဲ့အရာပေါ့။ ကိုယ့်အတွက် ဂုဏ်ယူစရာ လည်း အရမ်းကောင်းပါတယ်။ ကျွန်တော်က ရုပ်ရှင်ကို အင်မတန် စိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ရုပ်ရှင်တွေကို ထပ်ပြီးတော့ ရိုက်နေဦးမှာပါ။"

၉ ကြိမ်မြောက် ဝသန်ရုပ်ရှင်ပွဲတော်ရဲ့ အထူးကဏ္ဍမှာ S-Express program ပါဝင်ခဲ့ပါတယ်။ ဒီ Program မှာ အရှေ့ တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ Thailand, Singapore, Indonesia, Malaysia, Philippines, Vietnam, Laos, Cambodia, Brunei အစရှိတဲ့ နိုင်ငံတွေရဲ့ တစ်နာရီစာ Short Film တွေကိုပြသခဲ့တာဖြစ်ပါတယ်။ ဒီProgram ဟာတော့ မြန်မာနိုင်ငံမှာကျင်းပတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်အပြင် Thai Short Film and Video Festival, Minikino in Indonesia, Seashort film festival Malaysia တို့မှာလည်း ပြသနေတဲ့ Program တစ်ခုဖြစ်ပါတယ်။

ဒီProgram ကနေ မြန်မာပရိသတ်အနေနဲ့ကမ္ဘာအနှံ့အပြားက မတူကွဲပြားယဉ်ကျေးမှုများနဲ့ ရုပ်ရှင်တိုတွေကို ရှုစားကြခဲ့ကြရပါတယ်။ ဒီဝဿန်ရုပ်ရှင်ပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ ရုပ်ရှင်ပွဲတော်ဖြစ်ပြီး ရုပ်ရှင်ဝါသနာအိုးတွေ နှစ်စဉ်မပြတ်စောင့်ကြည့်ကာ ဝင်ရောက်ယှဉ်ပြိုင်ကြတယ်လို့သိရပါတယ်။ နိုင်ငံတကာက ရုပ်ရှင်အကဲဖြတ်ဒိုင်တွေရဲ့ အကဲဖြတ်မှုတွေနဲ့အတူ ကိုယ့်ရဲ့ ရုပ်ရှင်ဖန်တီးနိုင်မှုစွမ်းအားတွေကို ထုတ်ဖော်ပြသခွင့်ရတာဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတွေ မလွတ်တမ်းစောင့်ကြည့်ပြီး ပြိုင်ပွဲဝင်ကြရတဲ့ ရုပ်ရှင်ပွဲတော်ပဲဖြစ်ပါတယ်။




က္က