အစိုးရအနေနဲ့ ပြန်လာသူတွေထဲကနေ ရောဂါမပျံ့ပွားစေဖို့ အထူးဂရုစိုက်ပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။

တရားမဝင် ဝင်လာသူတွေ၊ ဝင်လာတာကိုသိလျက်နဲ့ လက်ခံထားသူတွေ၊ ဖုံးကွယ်ထားသူတွေကို ဥပဒေအရ တင်းကျပ်စွာ အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညနေပိုင်းမှာ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားလိုက်ပါတယ်။

ဒီလို အများအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်မျိုးအကြောင်း သိရှိပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အမြန်ဆုံးအသိပေးဖို့၊ ဒီလိုအသိပေးတာကလည်း တစ်ပါးသူကို ချောက်တွန်းရာမရောက်ဘဲ အပြစ်မဲ့တဲ့ ပြည်သူတွေ ရောဂါချောက်ထဲမကျအောင် ကာကွယ်ပေးခြင်းသာဖြစ်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။



“ ဒီလိုအခြေအနေမျိုးမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ အန္တရာယ်ကို အားလုံးဝိုင်းပြီး ကာကွယ် တားဆီးပေးဖို့ လိုပါတယ်။ တိတ်တခိုးဝင်လာသူတွေက quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင် အခြားသူများစွာကို ကူးစက်သွားနိုင်ပါတယ်။ Contact tracing၊ ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေပြီး quarantine သွင်းရတဲ့အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေ ထမ်းရတဲ့ဝန်ပါ” လို့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။

ဒါ့အပြင်ကို ပြည်တော်ပြန်တွေကလည်း နယ်စပ်ကတစ်မျိုး၊ လေယာဉ်ပျံနဲ့ တစ်ဖုံ နေ့စဉ်နဲ့ အမျှဝင်လာနေကြပြီး အခုလို အခက်အခဲကြုံတွေ့ရချိန်မှာ ပြည်သူတွေက နိုင်ငံတော်ကို ယုံကြည့်အားကိုးကြတယ်ဆိုတာက ဂုဏ်ယူစရာဖြစ်တယ်လို့ အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

အစိုးရရဲ့ ဆောင်ရွက်ချက်တစ်ရပ်အနေနဲ့ ပြည်ပရောက်နေတဲ့ ပြည်သူတွေ ပြန်လာနိုင်ရေးဖြစ်ပြီး ပြည်ပနိုင်ငံအချို့မှာလည်း ရောဂါပျံပွားမှုနှုန်းမြင့်မားနေတာကြောင့် ပြန်လာသူတွေထဲကနေ ရောဂါမပျံ့ပွားစေဖို့ အတွက် အထူးဂရုစိုက်ပြင်ဆင်ထားရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလာဒေးရှ့်နိုင်ငံကနေ ရခိုင်ပြည်နယ်ယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံတွင်းကို တရားမဝင်ခိုးဝင်လာသူတစ်ချို့မှာ ရောဂါကူးစက်ခံရမှုတွေဖြစ်နေတာကြောင့် ဒီလိုခိုးဝင်သူတွေ၊ လက်ခံသူတွေကို အရေးယူသွားမယ်လို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

“ ကျွန်တော်တို့ ၄ လပိုင်းလောက်ကတည်းက ပြန်လာတဲ့သူတွေရှိရင် သတင်းပေးဖို့ အတွက် ကျွန်တော်တို့ မောင်တောခရိုင်ထဲမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုပြောတယ်။ရွာထဲမှာလည်း လိုက်ဆော်သြတယ်။ အခုဗဟိုကနေ စာထွက်တော့ လက်ခံတဲ့သူတွေပါရှိရင် အရေးယူမယ်ဆိုပြီး ထပ်ပြီးကြေညာထားတယ်။ အခုခိုးဝင်လာသူတွေက ၂၀၁၇ ထဲကထွက်သွားပြီး ပြန်ဝင်လာကြတဲ့သူတွေဆိုတော့ တစ်ချို့ မိသားစုတွေက မိသားစုချင်းပြန်တွေ့ကြတာဆိုတော့ သတင်းမပို့ချင်ကြပါဘူး။ အဲဒီလို အခက်အခဲလေးတွေ ရှိပါတယ်။” လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

လက်ရှိမှာ ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ရခိုင်ပြည်နယ်ထဲကို မေလ ၃၁ ရက်ကနေ ဇွန်လ ၁၃ ရက်နေ့အထိ တရားမဝင်ခိုးဝင်လာသူ ၁၇ ဦး ရှိတဲ့အနက် ၅ ဦးမှာတော့ ရောဂါပိုးတွေ့ရှိထားပြီး အသွားအလာကန့်သတ်စောင့်ကြည့်ထားပြီးသားသူတွေ ဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

Share

Loading Next Article...
က္က