ပွဲစားကတစ်ဆင့် လူကုန်ကူးခံခဲ့ရတာပါ။

ဒဂုံတက္ကသိုလ်စတုတ္တနှစ် ကျောင်းသား မောင်မြတ်သူရထွန်းမှာ ဖျာပုံမြို့နယ် ပင်လယ်ပြင်အတွင်း ကျားဖောင်လို့ခေါ်တဲ့ ငါးဖမ်းဖောင်တွေမှာ နှိပ်စက်ခံရခြင်း၊ ရိုက်နှက်ခံရခြင်းတို့ကြောင့် ခန္ဓာကိုယ်အနှံမှာ ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် စိတ်ထိခိုက်ခံစားရမှုတွေ ရှိနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ မောင်မြတ်သူရထွန်းမှာ ပင်လယ်ပြင် ကျားဖောင်ပေါ်မှာ ရေလုပ်သားအဖြစ် ၄၅ ရက်ခန့် လုပ်ခဲ့ရပြီး မိသားစုဝင်တွေရဲ့ ရှာဖွေမှုကြောင့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြန်ရှာတွေ့ခဲ့တယ်လို့ မောင်မြတ်သူရထွန်းရဲ့ အစ်ကို ဖြစ်သူ ကိုအောင်သော်ဇင်ထွန်းက မီဒီယာတွေကို ပြောပါတယ်။

“သူပျောက်ဆုံးသွားတဲ့အချိန်မှာ ဖုန်းတစ်လုံးနဲ့ ပိုက်ဆံနှစ်သောင်းကျော်နဲ့ ကျောင်းအပ်ထားတဲ့ချလံပါ သွားတယ်။ ကျွန်တော်တို့စုံစမ်းမှုအရ ဖျာပုံကနေ ကျုံကတွန်း၊ ဒေါ်ငြိမ်းကျေးရွာဘက်မှာ ကျားဖောင်တွေ ရှိတယ်ဆိုပြီး သိရပါတယ်။ အဲဒီဘက်ကလူတစ်ယောက်ရဲ့အကူအညီနဲ့ သူရှိတဲ့နေရာကိုသိခဲ့ရတယ်။ အလုပ်ဒိုင်မှာ အလုပ်သမားမှတ်ပုံတင်ထားတဲ့ဓာတ်ပုံကိုကြည့်ပြီး ဟုတ်မှန်ကြောင်း တိုက်ပြီး ပွဲစားခကြိုထုတ်ထားတဲ့ငွေ ၇ သိန်းကို ပြန်သွင်းပြီး ကျွန်တော့်ညီကို ပြန်ခေါ်လာခဲ့ရတယ်။” လို့ ကိုအောင်သော်ဇင်ထွန်းက ရှင်းပြပါတယ်။

မြတ်သူရထွန်းမှာ သင်ဇာထွန်းကျားဖောင်ပေါ်မှာ အလုပ်လုပ်ကိုင်ခဲ့ရပြီး သူနဲ့အတူ ပွဲစားကတဆင့် လာတဲ့ သူငယ်ချင်းဖြစ်သူပါ ကျားဖောင်ပေါ်မှာ နှိပ်စက်ခံရတာတွေ ရှိခဲ့သလို တခြားရေလုပ်သားတွေ ကြုံတွေ့နေရတဲ့အခြေအနေတွေကိုလည်း အခုလို ပြောပြပါတယ်။

“ ကျွန်တော်နဲ့ အတူတူ ပွဲစားကတဆင့် ရောင်းစားခံခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းလည်း ရှိသေးတယ်။ သူ့ကိုလည်း ပွဲစားက ဖျားယောင်းပြီး ခေါ်ခဲ့တာပေါ့။ ဟိုရောက်တော့ ဒုက္ခတွေ ခံစားခဲ့ရတာပါပဲ။ ဖောင်ပေါ်မှာ ဖောင်ဦးစီးက ရေလုပ်သားကို ဓားနဲ့ထိုးပြီး ပင်လယ်ထဲကန်ချခဲ့တဲ့အဖြစ်မျိုးတွေလည်း မြင်ခဲ့ရတယ်” လို့ ငိုယိုပြီး ပြောပြပါတယ်။

မြတ်သူရထွန်းမှာ မိသားစုဝင်ထဲ အငယ်ဆုံးသားဖြစ်သလို စကားထစ်သူလည်း ဖြစ်ပါတယ်။ သူက လူကြောက်တတ်သလို ရိုးလွန်းအလွန်းသူဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုး ကြုံတွေ့ရချိန်မှာ စိတ်ကစဉ့်ကလျားဖြစ်နေတယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။

“ သူက အစကတည်းက ပုံမှန် အခြေအနေမဟုတ်ဘူး။ လူအရမ်းကြောက်တတ်တယ်။ သူ့ကို ဆူလိုက်တဲ့အခါကျရင် မျက်ရည်တွေကျလာတယ်။ စကားတွေ အရမ်းထစ်လာတယ်။ အခုဒီလိုဖြစ်လာတော့ ပုံမှန်ထက်ပိုဆိုးသွားတာပေါ့။ “ လို့ ကိုအောင်သော်ဇင်ထွန်းက ပြောပြပါတယ်။

မြတ်သူရထွန်းမှာ အောက်တိုဘာ ၂ ရက်နေ့က အိမ်ကပစ္စည်းဝယ်ခိုင်းလို့ဆိုပြီး နေအိမ်ကနေ ဆူးလေဘက်ကို ထွက်သွားခဲ့တာပါ။

နေ့လယ် ၃ နာရီခန့်လောက်မှာ ပန်းဆိုးတန်းတံတားပေါ်ကို ရောက်ရှိနေစဉ် လူလတ်ပိုင်းအရွယ်အမျိုးသမီး (၂) ဦးရောက်လာပြီး ငွေသိန်း လေးငါးဆယ်လာက်ရနိုင်တဲ့ အလုပ်လုပ်ဖို့ စည်းရုံးခေါ်ဆောင်လာပြီး ဒလဘက်ခြမ်းကို ခေါ်ဆောင်လာကာ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

“ အဲဒီကိုရောက်တော့ အလုပ်သမားစာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်။ သူက ထိုးမယ်၊ မထိုးဘူး စဉ်းစားနေတုန်းမှာ အမျိုးသားတစ်ယောက်က ခေါင်းပုတ်လိုက်တဲ့အချိန်မှာ မူးသွားတယ်။ အဲဒီမှာ လက်မှတ်ထိုး၊လက်ဗွေနှိပ်ပေးလိုက်ရတယ်” လို့ ညီဖြစ်သူရဲ့ ပြောပြချက်ကို ကိုအောင်သော်ဇင်ထွန်းက ပြန်လည် ရှင်းပြခဲ့ပါတယ်။

ပျောက်ဆုံးသွားပြီး နောက်တစ်နေ့ အောက်တိုဘာ ၃ ရက်နေ့မှာ ဒဂုံအရှေ့ပိုင်းရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့ပြီး လူပျောက်ကြော်ငြာတိုင်ခဲ့သလို၊ လူမူကွန်ရက်တစ်ဆင့်လည်းကြေညာတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။

ရဲစခန်းကိုတိုင်ကြားခဲ့ပေမယ့်လည်း ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ အကူအညီမရခဲ့တာကြောင့် ကိုယ့်အစီအစဉ်နဲ့ ကိုယ်သာ ရှာဖွေမှု တွေပြုလုပ်ခဲ့ရကြောင်း ကိုအောင်သော်ဇင်ထွန်းက ဆိုပါတယ်။

လက်ရှိတော့ ဒီအမှုနဲ့ ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ကစုံစမ်းတာတွေလုပ်နေပြီး နေအိမ်ကိုလည်း လာရောက်စစ်ဆေးသွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မိသားစုဝင်တွေက မြတ်သူရထွန်းကို ငွေကြေးနဲ့ လိမ်လည်ရောင်းချခဲ့သူ ပွဲစားအမျိုးသမီး ၂ ဦးနဲ့ ကျားဖောင်ပေါ်မှာ နှိပ်စက်ခဲ့သူတွေကို အရေးယူပေးစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က