ကား(၁၃)စီးကိုလိမ်လည်ရောင်းချသွားတာပါ။
Ei Ei Htun

လိမ်လည်သွားတဲ့အမျိုးသမီးက မော်တော်ယာဉ်ကိစ္စတင်မဟုတ်ဘဲ တိုက်ခန်းတွေကိုပါ အိမ်ငှားတွေဆီက စပေါ်ငွေတွေယူပြီး အမျိုးမျိုးလိမ်လည်သွားတဲ့သူဖြစ်တယ်လို့ အင်းစိန်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

photo - အင်းစိန်ရဲစခန်း

မော်တော်ယာဉ်အမျိုးအစား(၁၃)စီးကို ဝှီးတက်အတုလုပ်ပြီး သိန်းပေါင်း နှစ်ထောင့်ငါးရာရှစ်ဆယ်ကျပ်နဲ့ ရောင်းချပြီး လိမ်လည်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တရားလိုရဲ့တိုင်ကြားချက်အရ ရဲတပ်ဖွဲ့မှ ရှာဖွေဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။ 

လိမ်လည်ရောင်းချခဲ့တဲ့ မရတနာ(ခ)ပြည့်ပြည့်ဆိုတဲ့ အမျိုးသမီးဟာ သူနဲ့ခင်မင်ရင်းနှီးတဲ့ ဒေါ်ရီရီမြင့်ကို သူပိုင်ဆိုင်ထားတဲ့ ကားတွေကိုအရောင်းအဝယ်လုပ်ချင်တယ်လို့ပြောဆိုကာ ပိုင်ရှင်ရှိ လိုင်းစင်ကား(၁၃)ကို ဝှီးတက်အတုလုပ်ပြီး ရောင်းချခဲ့တာလို့ ဆိုပါတယ်။

photo - အင်းစိန်ရဲစခန်း

“ စာအုပ်တွေကို အတုလုပ်ပြီးရောင်းချတာသွားတာ။ အမှုဖွင့်ပြီး အခုတာဝန်ရှိသူအဖွဲ့အစည်းတွေပူးပေါင်းပြီး လိုက်လံရှာဖွေနေတယ်။ သူက အခုကားကိစ္စတစ်ခုတည်းမဟုတ်ဘူး။ တိုက်ခန်းကိစ္စတွေကော။အိမ်ပိုင်ရှင်ဆီကလည်းပိုက်ဆံယူထားသလို စာချူပ်တွေအတုလုပ်ပြီး တိုက်ခန်းငှားတဲ့သူတွေကို လိုက်လံပြီးလိမ်နေတာ။ဒီလူ့ဆီက စပေါ်ငွေယူလိုက်၊ ဟိုလူ့ဆီက စပေါ်ငွေယူလိုက်နဲ့ အကုန်လိုက်လိမ်နေတာ။အခုတော့ တရားခံလိုက်ရှာနေတုန်းပဲမတွေ့သေးဘူး။ ကိုယ်ဝန်သည်ဆိုတော့ မီးဖွားရင်းဆေးရုံတွေရောက်နေလားမသိဘူး” လို့ အင်းစိန်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက Duwun ကို ပြောပါတယ်။

လိမ်လည်ခဲ့တဲ့ အမျိုးသမီးက မကွေးတိုင်း၊ ပွင့်ဖြူမြို့ကဖြစ်ပြီး တာဝန်ရှိသူတွေအနေနဲ့ ပွင့်ဖြူထိသွားရောက်ရှာဖွေခဲ့ပေမယ့်လည်း မတွေ့ရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါအမျိုးသမီးကို (ပ) ၈၃၀၊ ၈၃၅၊ ၈၂၉၊ ၈၃၆၊ ၈၀၇ ရာဇသတ်ကြီးပုဒ်မ ၄၂၀ဖြင့် အင်းစိန်ရဲစခန်းမှာ အမှုဖွင့်ထားတာပဲဖြစ်ပါတယ်။


က္က