အကြောင်းအမျိုးမျိုးကြောင့် ဖျားနာရင် ကျောင်းမလာဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိအောင် ကျောင်းသား/‌ကျောင်းသူ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးနေတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

ကျောင်းသား/‌ကျောင်းသူတွေ ၊ ဆရာ/ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ရောဂါသံသယလက္ခဏာရှိ၊မရှိ စစ်ဆေးပြီး သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေကို တိုက်ရိုက်ပေးပို့တင်ပြရတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။



“အခုဖွင့်နေတဲ့ကျောင်းတွေအားလုံး ကိုယ့်ကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ တစ်ဦးချင်းအခြေအနေကို စိစစ်ပြီးတော့ သာမန်ဖျားနာတာလား ၊ သံသယဖြစ်တာလားဆိုတာ သိရအောင် ကျောင်းတွေကတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကို တိုက်ရိုက်တင်ပြရပါတယ်။”လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။ 

ဓာတ်ပုံ- ဇူလိုင် ၂၁ ရက်က ပြန်ဖွင့်ခဲ့သည့် မန္တလေးမြို့က အခြေခံပညာအထက်တန်းကျောင်းတစ်ခုကို တွေ့ရစဉ်။

လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းပေါင်း ၄၀၀၀ နီးပါးမှာ ကျောင်းသားပေါင်း ၁၁ သိန်းတက်ရောက်နေပြီး ကျန်းမာရေးစစ်ဆေးမှုတွေအရ တစ်နေ့ကို ကျောင်းသားတစ်ဦး၊နှစ်ဦးခန့် ဖျားနာတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ ကျောင်းသား ၁၁ သိန်းမှာ တစ်ဦးမှမဖျားဘူးဆိုတာတော့မရှိပါဘူး။တစ်ယောက်စ၊နှစ်ယောက်စတော့ ဖျားတာမျိုးတွေ ရှိပါတယ်။ မနေ့ကဆိုရင် ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေးတစ်ဦးဖျားပါတယ်။ စစ်လိုက်တော့ သာမန်ဖျားတာမျိုးပဲရှိတယ်။ အခုချိန်ထိတော့ သံသယလက္ခဏာရှိတဲ့ ကျောင်းသားတစ်ဦးမှ မရှိသေးပါဘူး” လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

လတ်တလော ကျောင်းဖွင့်ကာလ မိုးရာသီမှာဆိုရင် တုပ်ကွေးရောဂါတွေ ဖြစ်ပွားတတ်တာကြောင့် ကျောင်းသားကျောင်းသူတွေမှာ တုပ်ကွေးရောဂါဖြစ်ပွားတယ်ဆိုပါကလည်း ကျောင်းမလာဖို့လည်း ညွန်ကြားထားပြီးဖြစ်တယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ ဒီရာသီက တုပ်ကွေးရာသီဆိုတော့ ကလေးတွေက တုပ်ကွေးဖြစ်တတ်တယ်။ ။ဖျားတယ်ဆိုတာနဲ့ ကိုဗစ်ဆိုပြီး ကြောက်လန့်ကုန်မှာစိုးရိမ်လို့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားတာနာတာရှိခဲ့ရင် ကျောင်းမလာဖို့ ညွန်ကြားထားတာပါ” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

ဒါ့အပြင်လက် ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ရုတ်တရက် ဖျားနာတာရှိခဲ့ရင် သီးခြားထားရှိကုသနိုင်အောင် ကျောင်းတိုင်းမှာ အရေးပေါ်ခန်း တစ်ခန်းစီ ပြင်ဆင်ထားရတာလည်း ဖြစ်ပါတယ်။ ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ မရှိအောင် ရောဂါကာကွယ်ရေး စံချိန်စံညွန်းနဲ့ ပြည့်မီမှု အဆင့်သတ်မှတ်ချက် (A) အဆင့်ရထားတဲ့ ကျောင်းတွေကိုသာဖွင့်လှစ်ခွင့်ပြုထားတာပါ။

ပြန်ဖွင့်ခွင့်ရတဲ့ကျောင်းတွေအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကြီးကြပ်တဲ့အဖွဲ့ဖွဲ့စည်းကာ နေ့စဉ် ဆောင်ရွက်မှုတွေကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကို တင်ပြရတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က