ပညာပေးကာလ (၁) လသတ်မှတ်ထားပါတယ်။
Mi Thawdar Aung

အခြေခံပညာကျောင်းမုန့်ဈေးတန်းတွေမှာ အသင့်စားမုန့်တွေကင်းစင်အောင် စီမံချက်ရေးဆွဲလုပ်ဆောင်နေပြီး ပညာပေးကာလပြီးဆုံးပါက ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းကနေ သိရပါတယ်။

Photo- Ygn Fda (FDA မှ ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းတစ်ခုတွင် လိုက်လံစစ်ဆေးနေစဉ်။)

အာလူးကြော်၊ ငါးမုန့်ကြော်၊စာကလေးခွေကြော်၊ ခေါက်ဆွဲထုတ်၊ဆီကြော်မုန့် အစရှိတဲ့သရေစာမုန့်တွေ၊ ဆီကြော်မုန့်၊ ဓာတုဆိုးဆေးတွေပါဝင်တဲ့ မုန့်တွေ၊ ကဖိန်းဓာတ်ပါဝင်တဲ့ အချိုရည်တွေ၊ အချိုမှုန့်သုံးစွဲထားတဲ့ လက်သုတ်တွေကို ရောင်းချခွင့်ပြုတော့မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“ ပညာပေးကာလ (၁) လ သတ်မှတ်ထားတယ်။ အဲဒီ (၁) လအတွင်းမှာ ဆရာတို့က ကျောင်းမုန့်ဈေးတန်း တွေကို လိုက်စစ်ဆေးမယ်။အဲဒီအတောအတွင်းမှာ ကျောင်းသားတွေ၊ ဈေးသည်တွေကို ပညာပေးမယ်။ ပညာပေးကာလပြီးရင် ဆိုင်ပိတ်သိမ်းတဲ့အထိ အရေးယူမယ်” လို့ ဦးဗအုပ်ခိုင်က Duwun ကိုပြောပါတယ်။

ကိတ်မုန့်၊ဘီစကွတ်မုန့်၊ ကွတ်ကီးမုန့် အစရှိတဲ့ မုန့်တွေကိုတော့ ထုတ်လုပ်ရက်စွဲနဲ့ ကုန်ဆုံးရက်စွဲကို မြန်မာစာနဲ့ ရေးသားထုတ်ဝေထားတဲ့မုန့်တွေကိုတော့ ရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့ကစတင်ကာ မြောက်ဒဂုံမြို့နယ်က ကျောင်းတွေကို အသင့်စားမုန့်ကင်းစင်ရေးပညာပေးနေပြီး (၁) လအတွင်း ကျောင်းပေါင်း ၂၀ ခန့်မှာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

“ တစ်နေ့ကို (၂) ကျောင်း၊ (၃) ကျောင်းလောက်သွားပြီး ပညာပေးတာတွေလုပ်မယ်။ စီမံချက်ကာလပြီးရင် အသင့်စားမုန့်ကင်းစင်ရေးကျောင်းဆိုပြီး သတ်မှတ်ကြေညာမယ်” လို့ ဦးဗအုပ်ခိုင်က ဆိုပါတယ်။

အသင့်စားမုန့် တွေ စားသုံးမိတာများခြင်းကြောင့် ကလေးငယ်တွေမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါစတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားနေတာတွေ့ရှိရတာကြောင့် အခြေခံပညာဦးစီးဌာနနဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းတို့ပူးပေါင်းပြီး အခုလို အသင့်စားမုန့်ကင်းစင်ရေးစီမံချက်လုပ်ဆောင်တာဖြစ်ပါတယ်။


က္က