ပညာရေးဝန်ကြီးဌာနက စမ်းသပ်မှုတွေ လုပ်နေပါတယ်။

COVID-19 ဂယက်ကြောင့် ဇွန်လမှာ ကျောင်းပြန်ဖွင့်မနိုင်ခဲ့ရင် အွန်လိုင်းကတစ်ဆင့် စာသင်နိုင်အောင် ပညာရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ မေလ ၁ ရက်နေ့မှာ သတင်းထောက်တွေနဲ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲ Video Conferencing ပြုလုပ်ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ COVID-19 အခြေအနေကြောင့် ကဏ္ဍအသီးသီးမှာ ကန့်သတ်မှုအားလုံးကို မေလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်တာကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာစစ်ဆေးမှုတွေ၊ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေတဲ့ ကိစ္စတွေအားလုံးကို ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။



Photo- ၂၀၁၉ ခုနှစ်အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ထားစဉ်

COVID-19 ကူးစက်ပျံ့နှံ့မှု ကြာနေရင်တော့ တရုတ်နိုင်ငံတွေက စာသင်ကျောင်းတွေမှာ အသုံးပြုတဲ့ ကလေးတွေ အတွက် အကာအရံလုပ်လို့ရတဲ့နည်းလမ်းတွေအသုံးပြုဖို့လည်း စဉ်းစားထားပြီး အွန်လိုင်းကတစ်ဆင့် သင်ကြားနိုင်အောင်လည်း ပညာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့အကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

“ ကျွန်တော်တို့ ကျောင်းတွေရော၊ ဆယ်တန်းဖြေလွှာစာစစ်တာရောကို မေလ( ၁၅) ရက်အထိ ဆိုင်းငံ့ထားတယ်။ မေလ ၁၅ ရက်နေ့ ပြီးရင်တော့ နိုင်ငံတော်ရဲ့ မူဝါဒ အရ ပြန်ကြည့်ပြီး လုပ်ဖို့ရှိပါတယ်။

ဒီကာလကြာသွားရင်တော့ တရုတ်နိုင်ငံမှာဆိုရင် စာသင်ကျောင်းတွေမှာကလေးတွေ ဆောင်းတဲ့ ဦးထုပ်လေးတွေ ရှိတယ်။ ပေါင်ချိန်တွေဝတ်သလို အကာအရံလုပ်ထားတဲ့ ဦးထုပ်တွေပေါ့။ အဲလိုလုပ်တဲ့ စနစ်တွေလည်း ရှိတယ်။ အွန်လိုင်းကနေလည်း သွားနိုင်အောင် အခုတော့ ပညာရေးဝန်ကြီးဌာနက စမ်းသပ်နေပါတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

COVID-19 ကြောင့် အခြေခံပညာအတန်းအောင်စာရင်းတွေကြေညာဖို့လည်း ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းထားသလို တက္ကသိုလ်ဝင်အောင်စာရင်းတွေကိုလည်း ဇွန်လမှာ ထုတ်ပြန်နိုင်တော့မှာမဟုတ်ဘူးလို့လည်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်က COVID-19 ရောဂါပိုး ရှိသူနှစ်ဦးကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် တက္ကသိုလ်စာမေးပွဲတွေကိုလည်း အဲဒီရက်ကတည်းက ရက်အကန့်အသတ်မရှိ ရပ်နားထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က